အိန္ဒိယက ကိုဗစ်ကာကွယ်ဆေး ကို ဘယ်သူတွေ ကို ထိုးသင့်/မထိုးသင့်ဘူးလဲ ဆိုတာ မျှဝေပေးလိုက်တဲ့ ဆရာဝန်တစ်ဦး

Posted on

အိန္ဒိယနိုင်ငံက COVISHIELD နာမည်နဲ့ Oxford-AstraZeneca ကာကွယ်ဆေးထိုးရင် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ နဲ့ ဘယ်သူကိုထိုးပေးလို့ရလဲ

💉 ဆေးအရှိန်တက်ခြင်း လက္ခဏာများ

ကာကွယ်ဆေးထိုးပြီး ကိုယ်ထဲမှာ ကိုယ်ခံအားတွေ ထုတ်လုပ်ချိန်မှာ ဆေးရဲ့ ဘေးထွက်အာနိသင်အဖြစ် ဆေးအရှိန်ပြတာကို ၂ ရက်လောက် ခံစားရနိုင်ပါတယ်။

(၁) ဆေးထိုးထားသောနေရာမှာနာခြင်း (၆၇%)

(၂) ဖျားခြင်း (၁၈%)

(၃) ချမ်းစိမ့်စိမ့်ဖြစ်ခြင်း (၅၁%)

(၄) ကြွက်သားနာကျင်ခြင်း (၆၀%)

(၅) ပင်ပန်းနွမ်းလျှခြင်း (၇၀%)

(၆) ခေါင်းကိုက်ခြင်း (၆၈%)

(၇) အဆစ်နာကျင်ခြင်း (၃၁%) စတာတွေဖြစ်ပေါ်တတ်ပါတယ်။

ဆေးထိုးပြီး ဒီလိုခံစားရတာဟာ ကိုယ်ခံအားတွေထွက်လာဖို့ ကိုယ်ခန္ဓာကတုန့်ပြန်တဲ့ လက္ခဏာတွေပါပဲ၊ အများကြီးစိတ်ပူမနေပါနဲ။ ၁-၂ ရက်နေပျောက်ပါတယ်။ နာကျင်တာ ဖျားတာ ခေါင်းကိုက်တာတွေအတွက် ပါရာစီတီမောဆေး တစ်လုံးမှ နှစ်လုံးကို ၆ နာရီခြားသောက်လို့ရပါတယ်၊ ပျောက်သွားတာနဲ့ ဆက်မသောက်ပါနဲ့၊ ရပ်လိုက်ပါ။ ဆေးထိုးပြီးတဲ့ ရက်တွေမှာ အနားသေချာယူပေးပါ။

၃ ရက်ကျော်လို့ ခံစားရတာတွေ မပျောက်သေးရင်တော့ ဆရာဝန်ပြန်ကို ဆက်သွယ်ပြီး ဆွေးနွေးပေးရပါမယ်။ တခါတလေမှာ ဆေးကိုကိုယ်ခန္ဓာကတုန့်ပြန်ချက်ကြောင့် လည်ပင်းနဲ့ ဂျိုင်းကြားမှာ အကြိတ်ဖုလေးထွက်လာတတ်ပါတယ်။ တစ်ပတ်လောက်ကြာရင် ပျောက်သွားပါလိမ့်မယ်။

💉 ဆေးကိုဘယ်သူတွေကို ထိုးသင့်/မထိုးသင့်ဘူးလဲ

(၁) ဓာတ်မတည့်သူများ

Oxford-AstraZeneca ဆေးနဲ့ ဓာတ်မတည့်ခြင်းများက အလွန့်အလွန်ရှားပါးပါတယ်။ သို့သော်လည်း ဆေးရုံမှာ ဆေးဆိုးပြီး နာရီဝက်စောင့်ကြည့်ခြင်းဖြင့် ဓာတ်မတည့်ခြင်းကို စောလျှင်ထိရောက်စွာ ကုသပေးနိုင်ပါတယ်။

ဒါကြောင့် အရင်က သောက်ဆေး ထိုးဆေး ဒါမှမဟုတ် အစားအသောက် တစ်ခုခုကြောင့် အန္တရာယ်ရှိလောက်အောင် ပြင်းပြင်းထန်ထန် ဓာတ်မတည့်ဖူးသူများကို သတိထားတဲ့ အနေနဲ့ မထိုးပေးကြပါဘူး။

သိပ်မပြင်းထန်တဲ့ ဓာတ်မတည့်သူတွေ (ယားယံခြင်း၊ အနီကွက်ထခြင်းလောက်သာ ဖြစ်ပေါ်သူများ) ကိုတော့ ဆရာဝန်တွေရဲ့ စစ်ဆေးခွင့်ပြုချက်နဲ့အညီ ထိုးသင့်မထိုးသင့် ဆုံးဖြတ်ရပါတယ်။

(၂) ကိုယ်ခံအားနည်းသူ နှင့် ကိုယ်ခံအားဆေး သောက်သူများ

ဆေးထိုးပြီးရင် ခန္ဓာကိုယ်ကနေ ကိုယ်ခံအား antibody ထုတ်ပေးမှသာ ကိုဗစ်ပိုးကို ကာကွယ်နိုင်ပါတယ်။ ထုတ်တဲ့ ကိုယ်ခံအား antibody ပမာဏများလေလေ ပိုကာကွယ်နိုင်လေပါ။

ကိုယ်ခံအားကျဆင်းစေတဲ့ ရောဂါရှိသူတွေ ကိုယ်ခံအားကို ကျစေသော ဆေးများကို သောက်သုံးနေရသူတွေမှာ (ကင်ဆာရောဂါသည်များ၊ ကိုယ်ခန္ဓာအစားထိုးကုသထားသူများ၊ autoimmune နဲ့ chronic inflammatory diseases ရောဂါသည်များမှာ ကုသရတဲ့ အချို့ဆေးများကြောင့်) antibody ကျဆင်းနိုင်ပြီး ကာကွယ်နှုန်းကျဆင်းနိုင်ပါတယ်။

လက်ရှိထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးများဟာ ကိုဗစ်ပိုးရဲ့ ဗီဇတစ်ပိုင်းတစ်စကိုသာ ထည့်သွင်းထားပြီး အကောင်တစ်ကောင်လုံးပါတဲ့ “live vaccine “မဟုတ်ပါ။ သုတေသနပြုချက်များအရ “live vaccine” မဟုတ်ပါက ကိုယ်ခံအားကျဆင်းနေသူများ၊ autoimmune ရောဂါရှိများ၊ ကင်ဆာဝေဒနာရှင်များအတွက် အန္တရာယ်မရှိပါဟုဆိုပါတယ်။

ဒါကြောင့် ဒီလိုလူတွေကို ထိုးပေးလို့တော့ရတယ် ဆေးအာနိသင်တော့ အပြည့်အဝ မရနိုင်ဘူးဆိုတဲ့ သဘောပါ။ ခုချိန်ထိတော့ ဒီလိုလူတွေကို ဘယ်လိုပုံစံနဲ့ထိုးရမလားဆိုတာကို စမ်းသပ်နေဆဲပါ။ ဆရာဝန်များနဲ့ တိုင်ပင်ဖို့လိုပါတယ်။

(၃) သွေးကျဲဆေးသောက်နေသူများ၊ သွေးထွက်တတ်သော သွေးရောဂါရှိသူများ

Anticoagulant အမျိုးအစား သွေးကျဲဆေး (warfarin, apixaban, dabigatran, edoxaban or rivaroxaban ကဲ့သို့သော anticoagulant ဆေးများ) သုံးနေသောက်သုံးနေသူများဟာ သာမန်လူများထက် ဆေးထိုးတဲ့နေရာကနေ သွေးထွက်နိုင်ခြင်း သွေးခြေဥပြီးနီရဲနာကျင်ခြင်းများ ပိုဖြစ်နိုင်လို့ သတိထားစောင့်ကြည့်ရမယ့် လူအုပ်စုထဲပါပါတယ်။

Anticoagulant သွေးကျဲဆေးသောက်ထားသူများကို ဆရာဝန်က စစ်ဆေးကာ သွေးစစ်ပြီး သွေးပိုထွက်နိုင်တဲ့ အခြေအနေမရှိတော့မှ ထိုးပေးကြပါတယ်။

Aspirin / Aspilet / Ecorin / Ecosprin , clopidogrel / clopilet များက anticoagulant မဟုတ်ပါဘူး။ Anti-platelet အမျိုးအစားသွေးကျဲဆေးပါ။ Anti-platelet သောက်သူများတွင် ဆေးထိုးခြင်းကြောင့် ဖြစ်ပေါ်သော သွေးထွက်ခြင်း သွေးခြေဥခြင်းများ ခံစားရနိုင်ခြေမှာ Anticoagulant ဆေးများထက် ပိုနည်းပါးပါတယ်။

သွေးကျဲဆေးသောက်ထားသူများကို ကိုဗစ်ကာကွယ်ဆေးမထိုးပေးရပါလို့ မကန့်ကွက်ထားပါဘူး။ သွေးကျဲဆေးသောက်နေသူများဟာ ကိုဗစ်ကာကွယ်ဆေးမှမဟုတ်ပါ၊ ဘာအသားဆေးထိုးထိုး သွေးထွက်ဒဏ်ရာရနိုင်လို့ သတိထားထိုးပေးရပါတယ်။ ဆေးထိုးဖို့ ဆရာဝန်ရဲ့ ဆုံးဖြတ်ချက် လိုအပ်ပါတယ်။

(၄) ကိုယ်ဝန်ရှိသည် နှင့် နို့တိုက်မိခင်များ

ကိုဗစ်ကာကွယ်ဆေးကို ကိုယ်ဝန်သည်နှင့် နို့တိုက်မိခင်များမှာ မစမ်းသပ်ရသေးလို့ ယခုအချိန်မှာ ထိုးဖို့မဆုံးဖြတ်ရသေးပါ။

(၅) အသက် ၁၆ နှစ် အောက်များ

ကလေးသူငယ်များမှာ ကိုဗစ်ကာကွယ်ဆေးကို မစမ်းသပ်ရသေးသည့်အပြင် ရောဂါဖြစ်နိုင်ချေနည်းလို့ ယခုအချိန်မှာတော့ မထိုးပေးသေးပါ။

(၆) ယခင်ကိုဗစ်ဖြစ်ဖူးသူများ

ကိုဗစ်ရောဂါက တခဏတာဖြစ်ပြီး ပြန်ပျောက်သွားတတ်တဲ့ရောဂါပါ၊ သို့သော်လည်း တစ်ရာသီဖြစ်ပြီး နောက်တစ်ရာသီမှာ ထပ်ပြန်ဖြစ်နိုင်ချေတော့ ရှိပါတယ်။ ဒါကြောင့် ပျောက်ကင်းသွားသူများလည်း ကာကွယ်ဆေးကို လိုအပ်ပါတယ်။

ဒါပေမဲ့ ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းလာသူတွေမှာ အများအားဖြင့် ကိုယ်ခံအား အန်တီဘော်ဒီ Antibody တွေထွက်လာကြပါတယ်။ ဒါကြောင့် ကိုဗစ်ဖြစ်ဖူးတဲ့သူတွေက ရောဂါပျောက်ပြီးတာနဲ့ ချက်ချင်းနောက်တခါ ထပ်မဖြစ်နိုင်လို့ ကာကွယ်ဆေးချက်ချင်းထိုးပေးဖို့တော့ မလိုပါဘူး။

အချို့နိုင်ငံတွေမှာ positive ဖြစ်ပြီး ၃ လ ထပ်စောင့်ပြီးမှသာ ထိုးပေးပါတယ်။ သို့သော်လည်း ကာကွယ်ဆေးကို ဦးစားပေးထိုးပေးရန် လိုအပ်သောအုပ်စု သတ်မှတ်ချက်များမှာ တနိုင်ငံနဲ့ တနိုင်ငံ မတူနိုင်ပါ။

(၆) အခြားသော ကောလဟာလများ

Oxford-AstraZeneca ကာကွယ်ဆေးကို ဗြိတိန် အမေရိကား ဘရာဇီး စတဲ့နိုင်ငံတွေမှာ စမ်းသပ်ခဲ့ပြီး ကာကွယ်ဆေးကြောင့် လူသေဆုံးမှု လုံးဝမရှိခဲ့ပါဘူး။

နှလုံးရောဂါသည်တွေ သွေးတိုး ဆီးချို နာတာရှည်သမားတွေ ထိုးလို့မရပါဆိုတာလည်း မဟုတ်ပါဘူး။ နာတာရှည်ရောဂါသည်တွေကို ကာကွယ်ဖို့ ပိုလိုအပ်ပါတယ်။

ကာကွယ်ဆေးကို မလိုလားတဲ့ လူတစ်စုရဲ့ ခြောက်လှန့်တဲ့သတင်းတွေလည်း ရှိနိုင်ပါတယ်။ အရာရာကို သတိနဲ့ ယုံကြည်စေချင်ပါတယ်။

(၇) unknown consequences

ကာကွယ်ဆေးအသစ်ဖြစ်လို့ ဆေးထိုးရင်း ဖြစ်ပေါ်လာနိုင်တဲ့ ဖြစ်စဉ်များကို စောင့်ကြည့်လေ့လာနေဆဲ ကာလဖြစ်ပါတယ်။

🇲🇲 မြန်မာနိုင်ငံအတွက် သတ်မှတ်ချက်များ

ဘယ်သူ့ကို ဦးစားပေးထိုးရမယ် ဘယ်သူ့ကို မထိုးရဘူး စသဖြင့် သတ်မှတ်ချက်များဟာ နိုင်ငံတစ်နိုင်ငံရဲ့ ကပ်ရောဂါ အနေအထား၊ လူမှုနေထိုင်မှုဘဝ နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေါ် မူတည်ပြီး ဆုံးဖြတ်ကြပါတယ်။ ပညာရှင်တွေရဲ့ အကြံပြုချက်တွေအပေါ် မူတည်ပြီး အစိုးရက ဆုံးဖြတ်ချက်ချပေးကာ ကျန်းမာရေးဝန်ထမိးများက လိုက်နာဆောင်ရွက်ကြရပါတယ်။မြန်မာပြည်ကြီး ကပ်ရောဂါမှ အမြန်ကင်းဝေးပါစေ။

aungheinphoekhwar

medinfomyanmar

DrRoyal M Paing

Leave a Reply

Your email address will not be published. Required fields are marked *