အမေစု ရဲ့ သက်တော် စောင့် ချယ်ရီထက် ကို သစ္စာဖောက် လို့ စွတ်စွဲနေကြတဲ့ ပိုစ့်တစ်ခု ပျံ့နှံ့နေ

Posted on

အမေစုရဲ့သက်တော်စောင့် ချယ်ရီထက်ကို သစ္စာဖောက်လို့ စွတ်စွဲနေကြတဲ့ ပိုစ့်တစ်ခု ပျံ့နှံ့နေ တယ်။ အမေစုကို ချယ်ရီထက် ကိုယ်တိုင်ဖမ်းတယ်ဆိုတဲ့ အရေးအသားမျိုး။ အချို့ကလည်း ယုံချင်ချင် ဖြစ်နေကြတယ်။ ဟုတ်လား လာမေးကြတယ်။

ဟုတ်မဟုတ်တော့ ကိုယ်အတိအကျ မပြောတတ်ဘူး။ ဒါပေမယ့် ကိုယ်သိထား၊ မြင်ထား၊ ကြုံထားသလောက် မှာ အမေစုဟာ ချယ်ရီထက်ကို ယုံကြည်သလို ချစ်ခင်ပုံရတယ်။ ချယ်ရီထက်ကလည်း သက်တော်စောင့်တစ်ယောက်ရဲ့ တာဝန်ဆိုတာထက် ပိုတဲ့ပုံစံရှိသလို အမေစုကိုယ်တိုင်ကလည်း သက်တော်စောင့်တစ်ယောက် ဆိုတဲ့ ဆက်နွယ်မှုထက် မေတ္တာရှိတယ်လို့ ခံစားမိတယ်။

အရင်က အကြားပဲ ရှိပေမယ့် ၂၀၁၉ ခုနှစ် အကုန်လောက်မှာ အမေနဲ့ တွေ့ရတဲ့ ပွဲတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်က ချယ်ရီထက် အပေါ်ထားတဲ့ ချစ်ခင်မှုကို ကိုယ်မြင်ခဲ့ဖူးတယ်။ လက်ရှိ စစ်အာဏာသိမ်းအခြေအနေမှာ ချယ်ရီထက်ရဲ့ ကံကြမ္မာသည် ဘယ်လိုအနေအထားရှိနေလဲဆိုတာ ကိုယ်လည်း မသိနိုင်ဘူး။

အခု ဖွနေကြသလို ချယ်ရီထက်ဟာ ဒေါ်အောင်ဆန်းစုကြည် ကို ဖမ်းတဲ့ အဓိက တရားခံဆိုတဲ့ စွတ်စွဲချက်ကို ကိုယ်ကတော့ မယုံဘူး။

(၁) အာဏာလုစစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးဖို့ အစီအစဉ် အကြီးကြီးဆွဲခဲ့တာ။ ချယ်ရီထက် ကူမှ ဖမ်းလို့ရတဲ့အနေအထား မဟုတ်ဘူး။

(၂) ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥာဏ်ပညာနဲ့ ချစ်ခြင်းတရားကို ယုံတယ်။ သူမဟာ သူမနဲ့ အနီးကပ်နေသူတစ်ယောက်ရဲ့ စိတ်နေသဘောထား ကို မခန့်မှန်းနိုင်အောင် ညံ့ဖျင်းသူမဟုတ်သလို ချယ်ရီထက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လိမ်ညာနိုင်အောင် တော်နေသူမဟုတ်ဘူး။

(၃) စစ်အုပ်စုနဲ့ သူ့အစွယ်အပါးတွေဟာ သွေးခွဲရာမှာ သိပ်ဆရာကျတယ်ဆိုတာပဲ။ ၂၀၁၅ တုန်းက Online ဒီမိုအချို့ ဖမ်းဆီးခံရချိန် မှာ ပန်ဆယ်လိုဟာ စစ်တပ်ရဲ့ သူလျှိိုပါလို့ အထင်လွဲအောင် ကိုယ့်ကို အရေခွံစုတ်ပစ်ချင်လောက်အောင်မုန်းတဲ့ စစ်လော်ဘီတွေရဲ့ အကောင့်ကနေ Congratulations ရဲဘော်မိပန်လို့ တင်ခဲ့ကြလို့ အွန်လိုင်း ဒီမိုအတော်များများ အထင်လွဲတာ ခံခဲ့ရတယ်။

ချယ်ရီထက်ဟာ အဲ့လိုလုပ်ခဲ့လား မလုပ်ခဲ့လား ကိုယ်အာမမခံနိုင်ပေမယ့် စစ်အုပ်စု နဲ့ သူ့ရဲ့ လက်ပါးစေတွေဟာ ယုတ်မာတဲ့နေရာမှာ၊ သွေးခွဲတဲ့နေရာမှာ သူမတူအောင် တစ်ဖက်ကမ်းခပ် တော်ကြတယ်ဆိုတာပဲ သိစေချင်တာပါ။အချိန်က စကားပြောသွားပါလိမ့်မယ်။ဒီလောက်ပါပဲ။

အိပန်ဆယ်လို

Leave a Reply

Your email address will not be published. Required fields are marked *