အန်တီရယ် နောက်ဆုံး ပြော သွားတဲ့ စကား နဲ့ တင် အရမ်းကို လေးစား ပါတယ်

Posted on

” အမလုပ်တာ ဘာမှမရှိတာ။ ဆန္ဒပြတဲ့ သူတွေ အချဉ်ပေါင်းဝေတာပဲ ရှိတာ “သီးစုံ အချဉ်ပေါင်းရောင်းသူ မုံရွာမြို့ ထန်းတော ညောင်ရိပ်သာ ရပ်ကွက်နေ မတင်တင်အေး နှင့်တွေ့ဆုံခြင်း။

မတင်တင်အေးသည် ဖေဖော်ဝါရီ ၂၇ ရက်က ဈေးရောင်းနေစဉ် အိမ်နီးချင်း အမျိုးသမီးတစ်ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။ ၎င်းသည် ယခင်ရက်များက ဆန္ဒပြလူထုကို ၎င်းရောင်းချသော အချဉ်ပေါင်းများ လိုက်လံဝေငှ ကျွေးရာမှ လူမှုကွန်ရက် ဖေ့စ်ဘွခ်တွင် ၎င်း၏ စေတနာအပေါ် လူအများက တုန့်ပြန်ချီးမွမ်း ခဲ့ကြသည်။

MGZ- မနေ့က ဖမ်းခံရတဲ့ အဖြစ်အပျက်လေးပြောပါဦး။

TTA- မနေ့က ဗိုလ်ချုပ်လမ်း မိတ်ဆက်လမ်းထိပ်က အမသစ် သီးဆိုင်မှာ ကူနေတာ။ သူတို့က လိမ္မော်သီးတွေ သိမ်းသိမ်းဆိုတော့ လိမ္မော်သီးတွေက တစ်ယောက်တည်း သိမ်းလို့မပြီးဘူး၊သုံးလေးယောက်သိမ်းမှပြီးတဲ့ဟာလို့ ပြောတာ။ အဲလို ပြောရမလားဆိုပြီး ဝိုင်းရိုက်တယ်။အထဲထိကို ဝင်ရိုက်တာ။ အရပ်ဝတ် နဲ့ တစ်ယောက် သူပဲသူပဲ ဆိုပြီး လေးငါးခြောက်ယောက်လောက်ရှိတယ်။ဆိုင်ထဲကနေ အတင်းဆွဲခေါ်ရိုက်ကြတာ။

MGZ- သူပဲသူပဲ ဆိုတာ ဘာအကြောင်းအရာ ကို ပြောတာလဲဗျ။

TTA- အမထင်တာတော့ အမလုပ်တာ ဘာမှ မရှိတာ။ ဆန္ဒပြတဲ့သူတွေ အချဉ်ပေါင်းဝေတာပဲရှိတာကို ။အရင်ရက်တွေက တောက်လျောက် ဆန္ဒပြတဲ့ဆီလိုက်ပြီး နှစ်ရက်လောက်နေတော့ ဈေးရောင်းထွက်တယ်။ လူတွေကလည်းရောဂါက ကြောက်ကြ။ ဝေမယ့်သူကလည်း မရှိတော့ တကယ်တော့ ဆန္ဒပြလိုက်တာ မောလည်းမော၊မူးလည်းမူးတော့ ကိုယ်လိုပဲ ဆာမှာပဲ၊မူးမှာပဲဆိုပြီးတွေးပြီး ဝေဖြစ်တာပါ။

MGZ- ဖမ်းခံရတုန်းက ဘာဖြစ်လဲ။

TTA- ဆိုင်ထဲကခေါ်ပြီးတော့ ကောင်တစ်ယောက် က ပါးအရင် ရိုက်လိုက်တယ်။ ရဲမေသုံးယောက်ထဲက တစ်ယောက်က ပါးထပ်ရိုက်တယ်၊ နောက်က သူက လက်ကို တအားချုပ်ပြီး တစ်ယောက်က လည်မျိုကုပ်ထားတာ။ဟိုဘက်နားရောက်တော့ လက်နောက်ပြန်ခတ်ပြီးအချုပ်ကားပေါ်ခေါ်သွားတယ်။ အချုပ်ကား ပေါ်တော့ ရေတိုက်ပါတယ်။ ကောင်းတဲ့သူရှိသလို၊မကောင်းတဲ့သူလည်း ရှိတယ်။

MGZ-ဘယ်ခေါ် သွားလဲ။ဟိုကျ ဘာတွေဆက်ဖြစ်လဲဗျ။

TTA – လေယာဉ်ကွင်းထိခေါ်သွားတယ်။ ဘယ်မှာနေတယ်၊ဘာ ရပ်ကွက်လဲ၊မိဘက ဘယ်သူလဲ။အိမ်တွေမေးပြီး လက်မှတ်ထိုးပြီး မိန်းမတွေကိုစုပြီး ပြန်လွှတ်လိုက်တယ်၊ မိန်းမတွေက အယောက် ၈၀ လောက်ရှိတယ်။

MGZ- အမတို့မိသားစု အတွက် အလှူရှင်တစ်ယောက်လှူမယ်လို့ကြားတယ်။

TTA- မနက်ကတော့ ကျွန်မအမျိုးသားဆီ တစ်ယောက် ဖုန်းဆက်ပါတယ်။ ကျွန်မကတော့ ကျွန်မစေတနာအလျောက် ရောင်းမယ့်ထဲက လှူတာပါ။ ဘာမှ မျှော်လင့်တယ်ရယ်မဟုတ်ပါဘူး။

MonywaGazette

Leave a Reply

Your email address will not be published. Required fields are marked *