သိန်း ၃၀ စုဆောင်းငွေ ရှိမယ်၊ လစဉ် ကျပ် ငါးသောင်း သွင်းနိုင်ပြီ ဆိုတာနဲ့ ကိုယ်ပိုင် တိုက်ခန်း တစ်ခန်း ပိုင်ဖို့ အခွင့်အရေးရှိနေပါပြီ။

Posted on

အဆင်မှီကွန်ဒိုများကိုလည်း လူလတ်တန်းစားများ လက်လှမ်းမှီသော တန်ဖိုးများဖြင့် ရောင်းချနိုင်မယ်ဆို ပိုမိုကောင်းမွန်မယ်လို့ ထင်တဲ့အတွက် ဒီအကြံလေးကို တင်ပြပါတယ်။ ခုဆို သိန်း ၃၀ စုဆောင်းငွေရှိမယ်၊ လစဉ် ကျပ် ငါးသောင်း သွင်းနိုင်ပြီဆိုတာနဲ့ ကိုယ်ပိုင် တိုက်ခန်း တစ်ခန်း ပိုင်ဖို့ အခွင့်အရေး ရှိနေပါပြီ။ တန်ဖိုးသင့်ဆိုရင်တော့ စုဆောင်းငွေနဲ့ လစဉ်သွင်းရတဲ့ငွေ ပိုများမှာပေါ့။ တိုက်ခန်းတန်ဖိုးတွေက သိန်း ၈၀ ကနေစပြီး၊ သိန်း ၆၀၀ လောက်အတွင်း အစားစားပေါ့။ နေရာ၊ ကွာလတီ၊ အကျယ်အဝန်း၊ အလွှာတွေပေါ် မူတည်ပြီး ဈေးတွေတော့ ကွာသွားမှာပေါ့နော်။

အစိုးရအကောင်အထည်ဖော်နေတဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့် အခန်းပေါင်း တစ်သိန်း ကျော်ထဲ ကနေ ကိုယ်နဲ့ သင့်တော်ရာကို ရွေးချယ် ဝယ်ယူနိုင်တဲ့ အခွင့်အရေးရှိမယ်။ ကိုယ်ဖက်ကတော့ CHID ဘဏ်မှာ စုဆောင်းငွေတော့ အရင်ရှိရမယ်။ CHID Bank ဆိုတာက (Construction Housing & Infrastructure Development Bank) ဆောက်လုပ်ရေး၊ အိမ်ယာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်ပေါ့။ CHID ဘဏ်က ရွှေတိဂုံဘုရားလမ်းနဲ့ နဝဒေးလမ်းထောင့်မှာရှိတယ်။

အဲ့ဒီဘဏ်မှာ ငွေစာရင်းဖွင့်ပြီး ငွေစုရမယ်။ သိန်း ၃၀ပြည့်ပြီဆိုတာနဲ့ တိုက်ခန်း မဲနှိုက်ဖို့ အခွင့်အရေး ရမယ်။ အားသာခ်က္က စုဆောင်းငွေကိုလည်း ဘဏ်တိုးက တစ်နှစ်ကို ၅.၂၅% အတိုးရနေမယ်။ ကိုယ် သတ်မှတ်ထားတဲ့ စုဆောင်းငွေလည်းပြည့်မယ်၊ စီနီယာနံပါတ် အလှည့်ရောက်မယ်ဆိုရင် အိမ်ယာတစ်ခုခုမှာ မဲနှိုက်ခွင့်ရမယ်။အိမ်ယာတွေကိုတော့ DUHD Housing Sales page မှာ သွားကြည့်ရမယ်။ သူကတော့ အိုးအိမ်ဦးစီးက တန်ဖိုးနည်း/သင့် အိမ်ယာတွေကို ရောင်းတဲ့ဌာနပေါ့။ အဲ့ဒီမှာ ပွင့်လင်းမြင်သာစွာ မဲနှိုက်ပေးမယ်၊ ကိုယ်ပေါက်တဲ့မဲအလိုက် အခန်းရမယ်၊ အလွှာတွေဘာတွေ ရတာတော့ ကံပေါ့။အားသာချက်နောက်တစ်ခုက အဲလို ဝယ်ခွင့်ရရင် အခန်းတန်ဖိုး ၃၀% သွင်းပြီးတာနဲ့ တက်နေနိုင်တယ်။ ကျန်ငွေ ၇၀%ကိုလည်း JICA ODA Loan လို့ခေါ်တဲ့ (Japan International Corporation Agency: ရဲ့ Official Development Assistant) က တစ်ဆင့် ငွေချေးပြီး ဝယ်ယူခွင့်ရမယ်။

အဲ့ဒီ Loan က အတိုး နည်းတယ်။ တစ်နှစ်လုံးမှ ၅.၅% ပဲ။ ဥပမာ သိန်း ၁၀၀ ချေးမှ တစ်နှစ်ကို အတိုး ၅သိန်းခွဲ၊ တစ်လကို အတိုး ၄၈၃၀၀ကျပ် ပဲ ပေးရမယ်။ အရပ်ထဲမှာဆို အနည်းဆုံး တစ်လ ၃ သိန်း ကနေ ၅ သိန်း ပေးရမှာလေ။ဒါတောင် တစ်ကယ်က JICA က မြန်မာအစိုးရကို ချေးတာက ODA ဖြစ်တဲ့အတွက် တစ်နှစ်ကိုမှ အတိုးနှုန်း ဝ.၅% လောက်နဲ့ ချေးတာ။

ဒါပေမယ့် ချေးတာက ဂျပန်ယန်းငွေ (သို့) ဒေါ်လာငွေ နဲ့ ဖြစ်တဲ့အတွက် currency risk ကို ဗဟိုဘဏ်က တာဝန်ယူလိုက်တယ် အဲ့ဒီအတွက် ၂.၅% ယူလိုက်တယ်။ နောက်တစ်ခုက ဘဏ်ဖက်ကလည်း ငွေချေးသူကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ risk တွေ၊ transaction cost တွေ အတွက် ၂.၅% ယူရတယ်။ အဲ့ဒါကြောင့် ၅.၅% ဖြစ်သွားတာ။ အချိန်တန်ရင်တော့ ချေးထားတဲ့ ငွေကို အပြည့်ပြန်ပေးရမှာကိုး။

အခု အောက်မှာ ပြထားတဲ့ သီလဝါမှာ ဆောက်ပြီးသွားတဲ့ တန်ဖိုးနည်း အိမ်ယာဆိုရင်အကျဉ်းဆုံးအခန်း ဖြစ်တဲ့ ၃၈၄ စတုရန်းပေ ၊ စတုတ္ထအထပ်ကို ၉၉ သိန်းနဲ့ ရောင်းချပေးသွားမှာပဲ ဖြစ်ပါတယ်။ တစ်ယောက်ထဲ နေသူ (သို့) လင်မယားနှစ်ယောက်အတွက်ဆို နေဖို့ရှိတယ် ဆိုရုံပေါ့။ ဈေးနဲ့ အလွှာပေါ် မူတည်ပြီး ၃၈၄ စတုရန်းပေ ကနေ ၉၄၀ စတုရန်းပေအထိ အမျိုးမျိုးပါဝင်တယ်။ တစ်နိုင်ငံလုံးမှာဆို အဲလို အခန်းပေါင်း သိန်းကျော် ဖော်ထုတ်နေတယ်။ CHID ဘဏ်မှာ ၃၀% ဖြစ်တဲ့ သိန်း ၃၀ ကိုတော့ အရင်စု၊ အဲ့လို စုပြီးလို့ မဲနှိုက်ခွင့်ကျလို့ အဲ့လို ၉၉ သိန်း တန် အခန်း မဲပေါက်တယ်ဆိုရင်။ ချေးငွေ စာရွက်စာတမ်းတွေ ပြည့်စုံပြီ ဆိုတာနဲ့ တက်နေရုံပဲ၊ တစ်လကို ငါးသောင်းဝန်းကျင်(အတိုးကော၊ အရင်းကောပေါင်းထား) ပေးနေရုံနဲ့ ၁၅ နှစ်ပြည့်ရင် ဒီအခန်း ကိုယ်ပိုင်မယ်။

တစ်ချို့အိမ်ယာတွေမှာတော့ အိမ်ယာထိမ်းသိန်းခပေးရမယ်။ အိမ်ယာမှာ နေထိုင်တဲ့သူတွေ ညီတဲ့အပေါ်မူတည်ပြီးတော့ ရေရှည်မှာ အိမ်ယာတွေ တန်ဖိုးကွဲသွားမယ်။ တိုက်ခန်းတွေရဲ့ တန်ဖိုးကတော့ တန်တယ်ပြောရမယ်။ တစ်ပေပတ်လည်ကို အကြမ်းဖျဉ်း ၂ သောင်းကျော်ပဲ ရှိတာကိုး။ ဒါက ဆောက်စရိတ်ပဲ ရှိတယ်လေ။ အစိုးရက မြေကြီးဖိုးလည်းစိုက်တယ်၊ ရေ၊ မီး၊ လမ်း၊ မြောင်း၊ နဲ့ အခြေခံအဆောက်အအုံဖိုးတွေ ကျခံပေးထားတဲ့သဘောပဲ။တစ်ခုပဲ ရှိတယ်။ ၁၅နှစ်ပြည့်လို့ အခန်းလည်းငွေကြေ၊ တိုက်ကလည်း နေလို့မရအောင် အရည်အသွေး ညံ့တယ်ဆိုရင်တော့ မတန်ဖူးပေါ့။

တန်ဖိုးသင့်ထဲမှာဆိုလည်း ဓာတ်လှေခါး နဲ့ ကားပါကင် ပါတာတွေကို သိန်း ၆၀၀ လောက်နဲ့ ရနိုင်တယ်။အဲ့လိုမျိုးဆိုရင်တော့ စုဆောင်ငွေက ၃၀% ဖြစ်တဲ့ သိန်း ၁၈၀ ရှိရမှာပေါ့။ လစဉ် ပြန်ဆပ်ငွေလည်း များသွားမှာပေါ့။ဒါပေမယ့် အတိုးနှုန်း ၅.၅% ကတော့ တန်ပါတယ်။ ပုံမှန် လုပ်ငန်းလုပ်ဖို့ ငွေချေးရင်တောင် ၁၀% အတိုးနဲ့ တောင် လွယ်လွယ်ကူကူ မရဘူးလေ။ CHID ဘဏ်အနေနဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့်တင်မကဘူး၊ အဆင်မှီကွန်ဒိုအခန်းတွေကိုလည်း ရောင်းပေးသင့်ပါတယ်။ ဆောက်ထားပြီးသားမရှိသေးရင် ရန်ကုန်မှာ ရောင်းဖို့ရှိနေတဲ့ private condominium တွေကို အတိုးနှုန်းတစ်ခုထားပြီး ရောင်းချမယ်ဆို၊ ပိုအဆင်ပြေလာမယ် ထင်ပါတယ်။ အတိုးနှုန်းကိုလည်း 5.5% လောက်မဟုတ်ပဲ၊ 7% လောက်ဆို အဆင်ပြေမယ်ထင်ပါတယ်။

အခြေခံလူတန်းစားတွေအတွက် အတိုးနှုန်း 5.5% ၊ လူလတ်တန်းစားတွေအတွက် 7% ဆို ဝယ်တဲ့သူလည်း အတိုးသက်သာ၊ ဘဏ်ဖက်ကလည်း အတိုးပိုရ၊ တိုက်ခန်းတွေများပြီး ငွေမလည်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေလည်း ငွေတွေလည်သွားမယ်လို့ ထင်ပါတယ်။

ပုံမှန် Home loan အတိုးက တစ်နှစ်ကို 10% ပါ။ တချို့ဘဏ်ကြီးတွေကတော့ သူတို့ဝန်ထမ်းတွေကို အတိုးနှုန်း 7% နဲ့ အိမ်ယာချေးငွေ လုပ်ပေးနေပါတယ်။ လူလတ်တန်းစားတွေအတွက် အဲ့လို 7% နဲ့ အဆင်မှီကွန်ဒိုတွေကိုသာ CHID ကသာ လုပ်ပေးမယ်ဆိုရင်။ ဆောက်လုပ်ရေး၊ အိမ်ယာနှင့် အခြေခံအဆောက်အအုံဈေးကွက် ပိုမိုဖွံ့ဖြိုး လာပြီး၊ လူတိုင်း လက်လှမ်းမှီပြီး ကြိုးစားသူတိုင်းအိမ်ပိုင်ဖြစ်လာမှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါတယ်ခင်ဗျာ။

အောင်မိုးလွင်

(ကြေးမုံမှာပါသော သတင်းကို အခြေပြုပြီး၊ CHID bank page နှင့် DUHD housing sales page များမှ အချက်အလက်များ၊ ပုံများကို တင်ထားပေးတာပါ။ ကျွန်တော် နားလည်မှုလွဲသော အချက်အလက်များကိုလည်း ပြင်ပေးပါခင်ဗျာ။)

Leave a Reply

Your email address will not be published. Required fields are marked *