“သာထူး တစ်ယောက် နဲ့ တော့ စိတ် ညစ် ပါတယ် ညီမရယ်”

Posted on

ကျောင်းရောက်မဆိုက် ကြားလိုက်ရတဲ့ လက်ထောက် ဆရာမရဲ့ ညည်းသံ။ သူ ညည်း လည်း ညည်းရှာပေမယ်။ ဒီသာထူးဟာ သူ့အတန်းမှာ အသက်အကြီးဆုံးနဲ့ လူကောင်အထွားဆုံး။ အစအနောက်သန်တဲ့အထဲ အဆဲ အဆိုလေးပါစွက်ချင်လို့ ဆရာမတွေက ခဏခဏ ဆူရ ငေါက်ရတဲ့သူ။

ရန်ဖြစ်ကြပြီဟေ့ဆိုရင် တစ်ဖက်လူ ဘယ်သူလဲသာ မေး။ ကျန်တစ်ဖက် က သာထူးဆိုတာ ကျိန်းသေ။ ကလေး တွေ အပြောအရ ရွာထဲမှာလည်း သူက လက်စလက်န ရှိတယ်ဆိုပဲ။ တစ်ခါက အတန်းဖော်တွေနဲ့ရန်ဖြစ်တော့ သူ့ကို ငတက်ပြားခေါ်ရပါ့မလားလို့ လက်သီးစွမ်းပြလိုက် တာ တစ်ဖက်ကလေးမှာ ရှေ့သွားနှစ်ချောင်းကျိုးပါလေ ရောလား။ ပါလေရာငပွ …ထီခနဲဆို စီခနဲဆိုတဲ့ သာထူး။

အဆော့မက်ချက်ကလည်း တရုတ်ပြည်က စွန်းဝူခုန်း မြန်မာပြည်ထဲ မျက်စိလည်ပြီး သူ့အမေဗိုက်ထဲ ဝင်စား သလားမှတ်ရ။ တစ်ခါကလည်း ကျောင်းပိတ်ရက်ကြီးကို ကျောင်းပေါ်ခိုးတက်သတဲ့။ ကျောင်းတိုင်ကနေ တွယ် တက်ပြီး ဂျက်ချထားတဲ့ပြတင်းတံခါးကို ရအောင်ဖွင့်တက် တာ။ တခြားကလေးတွေက လာတိုင်တော့မှ ဒင်းကို ခေါ်စစ်ရတယ်။ ဖြစ်ပုံက သောကြာနေ့ညနေ ကျောင်းဆင်းတော့ ပြန်ချင်ဇောနဲ့ လွယ်အိတ်မေ့ခဲ့တယ်ဆိုပဲ။ ပိတ်ရက်မှာ သင်္ချာအိမ်စာတွက်မထားရင် ကျောင်းဖွင့်ရက် အဆော်ခံ ရမှာကြောက်ပြီး လွယ်အိတ်ကိုတက်ယူတာပါလို့ မျက်နှာ ငယ်ငယ်နဲ့ ဖြေရှင်းလာတဲ့ သာထူး။ နောက်မလုပ်ရဲအောင် တော့ တော်တော်လေးဆူပေးလိုက်ရတယ်။ ဒီအဖြစ်ကို ကြည့်ပြီး သာထူးတစ်ယောက်ဟာ စာတော့အာရုံစိုက်ရှာ သားပဲလို့ မထင်လိုက်နဲ့နော်။ အဆော့မှာထိပ် စာမှာဘိတ် ဆိုတာ သာထူးရဲ့ဂုဏ်ပုဒ်။

လူတကာနဲ့ ရန်ဖြစ်ချင်တဲ့ သာထူး။ အဆော့မက် သလောက် အဆဲသန်တဲ့သာထူး။ ကျောင်းတက် မှန် သလောက် စာဖျင်းလှတဲ့ သာထူး။ ဒီသာထူးဟာ ကျွန်မ ကိုတော့ အတော်ခင်ရှာတဲ့သူပါ။ သူ့ကို ဘယ်သူကမေးမေး ကျောင်းအုပ်ဆရာမကြီးကို အချစ်ဆုံးတဲ့။ ချစ်ရခြင်း အကြောင်းက တခြားတော့မထင်နဲ့။ ပုံပြင်ပြောပြလို့၊ ကဗျာတွေ သင်ပေးလို့တဲ့လေ။

သာထူးဟာ မနက်အစောကြီး ကျောင်းလာ။ ဝန်ထမ်း အိမ်မှာနေတဲ့ ကျွန်မ အတွက် ရေခပ် ရမလား၊ ထင်းသယ် ပေးရမလား၊ ဈေးဝယ်ရမလား ကျွန်မ ဝေယျာဝစ္စအားလုံး ကန်ထရိုက်ဆွဲထားတဲ့ကလေး။ တစ်ခါတလေများဆို ကျွန်မအတွက် တောပန်းတောင်ပန်းလေးတွေပါ ယူလာ ပေးတတ်သေးရဲ့။ ကျွန်မက သူ့အတွက် စာအုပ်၊ ခဲတံလေး တွေ၊ မောင်လေးအင်္ကျီတစ်ပတ်နွမ်းလေးတွေ၊ ဆပ်ပြာ အမွှေးခဲလေးတွေ၊ သနပ်ခါးခဲလေးတွေ လက်ဆောင် ပြန် ပေးတဲ့အခါ သူ့ခမျာ ရွာထဲမယ်ကြွားမဆုံးပေါ့။

ကျွန်မတို့ ဆရာ ဆရာမဆိုတာကလည်း ကိုယ့်ဆီ ရောက်လာတဲ့ကလေးမှန်သမျှ ဘယ်သူမွေးမွေး ငါ့ကလေး ပဲ တွေးကြတာလေ။ တပည့်တွေကို စာတော်တော့လည်း တော်လို့ချစ်ရတယ်။ စာညံ့တဲ့သူကျ သနားရပြန်ရော။ လိမ္မာအလိုက်သိတဲ့ကလေးကို ကြင်နာရသလို၊ ဆိုးဆိုး ပေပေ တပည့်တွေကိုလည်း တစ်မျိုးသံယောဇဉ်ပိုရပြန် ရော။ ခုလည်း ဒီလိုပေါ့။ သာထူးဆိုးမှန်းပေမှန်း သိပေမယ့် သူလည်း ကိုယ့်သားသမီးထဲက တစ်ယောက်ပဲမဟုတ် လား။ ချစ်ရပြန်တာပဲပေါ့ရှင်။ သူကလည်း အပါးလေး။ ဘယ်သူ့အပေါ်ဆိုးဆိုး ကျွန်မ မငြိုငြင်အောင်တော့ နေတတ်ပါ့။

ဒါပေမယ့် တစ်နေ့မှာတော့ သာထူးနဲ့ ကျွန်မ ထိပ်တိုက်တွေ့ရပါတော့တယ်။ ရွာထဲက အဘွားစိန်ရဲ့ ခြံထဲခိုးဝင်ပြီး မာလကာပင် တက်ရင်း လမ်းကြုံအနေနဲ့ ဘဲဥတွေပါခိုးသတဲ့လေ။ အဘွားကမိတော့ တောင်ဝှေးနဲ့ ရိုက်။ အဲဒီမှာ ဒင်းကထွက်ပြေးရင်း မိုက်မိုက်ရိုင်းရိုင်း တွေ ပြန်ဆဲရုံသာမက လောက်လေးနဲ့ပါပစ်လို့ဆိုပြီး အဘွားက ငိုကြီးချက်မနဲ့ ကျွန်မဆီလာတိုင်ပါတော့တယ်။ ကျွန်မလည်း တော်တော်စိတ်ဆိုးပြီး သာထူးကိုခေါ်။ “နင်က ကျောင်းသားလား၊ သူခိုးလား။ သူခိုးကြီးရင် ဓားပြဖြစ်မယ်။ ဓားပြကနေ သူပုန်ဖြစ်မယ်။ ဒီလောက် တောင် မိုက်ရသလား။ နောက်ဒါမျိုးလုပ်ဦးမလား´´နဲ့ ပါးစပ် ကလည်းပြော။ မတုန်မလှုပ်နဲ့ ခေါင်းကြီး ငုံ့ခံနေတဲ့ သာထူးပခုံးကို လက်ကလည်း ခပ်ကြမ်းကြမ်းလှုပ်ယမ်း တွန်းထိုးနေမိပါတယ်။

သူက ငြိမ်ခံနေလေ ကျွန်မက ဒေါသထွက်လေ။ ဒါနဲ့ပဲ တုတ်ကိုဆွဲပြီး “နင့်ကိုငါ ကျောင်းထုတ်လိုက်ရမလား။ နင် ကျောင်းထွက်မလား ပြောစမ်း …ပြောစမ်း´´နဲ့ ဆိုဆိုပြီး တင်ပါးကို သုံးလေးချက်ဆင့်ရိုက်မိပါတယ်။ ဘယ်လို ပြောပြော ငြိမ်ခံနေတဲ့ သာထူးဟာ ကျောင်းထုတ်မယ်ဆို တော့မှပဲ မျက်ရည်ဖြိုင်ဖြိုင်ကျပြီး “နောက်မလုပ်တော့ပါ ဘူး ဆရာမရဲ့။ ကျောင်းမထုတ်ပါနဲ့ ဆရာမရဲ့´´နဲ့ ငိုယို တောင်းပန်ပါတော့တယ်။ လက်ကလည်း တင်ပါးလေး ပွတ်ကာပွတ်ကာနဲ့ပေါ့။

ကျွန်မလည်း ဒေါသအလျောက် ရိုက်ပြီးမှ အခန်း ထောင့်ကတိုင်ကိုမှီပြီး တရှုံ့ရှုံ့ရှိုက်နေတဲ့ သာထူးကြောင့် စာသင်ရတာမဖြောင့်တော့ဘဲ စိတ်မကောင်းဖြစ်နေရပါ တော့တယ်။ ညနေကျောင်းဆင်းတဲ့အထိ စိတ်မှာတနုံ့နုံ့။ အိမ်ပြန်ရောက်လို့ အမေ့ကို အကျိုးအကြောင်းပြောပြ တော့ “ဖြစ်ရလေ သမီးရယ်။ အများနဲ့မတူတဲ့ ကလေး တိုင်းမှာ အများနဲ့မတူတဲ့ ဘဝနောက်ခံအခြေအနေရှိတတ် တယ်။ သူ့ကို ဆုံးမပဲ့ပြင်ချင်ရင် သူ့ရဲ့ မိသားစုနောက်ခံ အခြေအနေနဲ့ လိုအပ်ချက်ကို သိအောင်လုပ်ရတယ်။ သမီးတို့တွေ ပညာရေးစိတ်ပညာ သင်ခဲ့ဖူးသားနဲ့။ဆုံးမ ချင်တာ အလျင်မလိုပါနဲ့သမီး။ စုံစမ်းပါဦး”လို့ အမေက အကြံဉာဏ်ပေးပါတယ်။

ဒါနဲ့ပဲ ရွာထဲစနည်းနာကြည့်တော့ သာထူးမိသားစု အကြောင်း စိတ်မကောင်းစရာ သိရပါတော့တယ်။ သူ ငါးနှစ်သားမှာ အဖေက မြွေကိုက်လို့သေ။ အမေက နောက် အိမ်ထောင်ထူ။ ပထွေးက အရက်သမား။ ပထွေးကို အမေလုပ်သူက ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့အခါ သာထူးတို့လည်း ဘယ်ခေါင်းဖော်နိုင်ပါ့မလဲ။ ကျောင်း ဖွင့်ချိန် ကျောင်းအပ်ပေးပြီးရင် တာဝန်ကျေပြီထင်တဲ့ အမေ။ အိမ်တကာလည်ဖို့လောက် အလေးထားပြီး သား သမီးရဲ့ နေရေး စားရေး ပညာရေးကို နည်းနည်းမှ စိတ် မဝင်စားတဲ့အမေ။ အချိန်တိုင်းလိုလို မူးနေတတ်ပြီး မြင်မြင် သမျှ အပြစ်ရှာရိုက်နှက်ချင်တဲ့ ပထွေး။ ဒီလူတွေ စိတ် အလိုမကျသမျှ အဆူခံ အဆဲခံ အရိုက်ခံရတာက ကျွန်မ တပည့် သာထူးလေး။တစ်ခါမှာဆို အမေလုပ်သူက လင်အမူးသမား အပြစ်တင်မခံရရေး ထမင်းအိုးတစ်လုံးချ။ ငါးသေတ္တာ လေး တစ်ဘူးကြော်ပြီး အိမ်လည်ထွက်သွားတယ်ဆိုပဲ။

သားဖြစ်သူကို မှာခဲ့ပုံက “ဒီနေ့ ဆီဆမ်းစားလိုက်တော့ သာထူး။ ဟင်းက နင့်အဖေဖို့နော်။ ပြီးရင် ကျောင်းသွား တော့။ အိမ်မှာ ကစားမနေနဲ့။

နင့်အဖေနိုးလာဦးမယ်´´တဲ့။ အမေလုပ်သူ ရွာထဲအဆင်း။ သာထူးလေးတစ်ယောက် နောက်ဖေးအမှိုက်ပုံဆင်းပြီး ငါးသေတ္တာဘူးခွံရှာပါလေ ရော။ တွေ့တဲ့အခါ လက်ညှိုးနဲ့ကော်။ အားမရတော့ လျှာနဲ့လျက်။ လျှာကို ဘူးခွံပြတ်စရှလို့ ခမျာမှာ အဲဒီနေ့ စာတောင်မဆိုနိုင်ဘူးဆိုပဲ။ ဖြစ်ရလေ သာထူးရယ်။

အိမ်မှာ ကြင်ကြင်နာနာ ဆက်ဆံတာ မခံခဲ့ရတဲ့ ကလေး။ သူများအပေါ် ရက်စက်တတ်တာ ဘာဆန်းမှာ လဲ။ အမြဲ ဆိုဆဲရိုက်ပုတ်ခံနေရတဲ့ကလေး။

သူများတွေ ကို ရန်လိုတတ်လာတာ ဘာဆန်းမှာလဲ။ အစားဆင်းရဲ အနေဆင်းရဲနဲ့ ဥပေက္ခာပြုခံနေရတဲ့ကလေး။ စာရိတ္တ ပျက်ယွင်းလာတာ ဘာဆန်းမှာလဲ။

အိမ်မှာမပျော်လို့ ကျောင်းရောက်ပြန်တော့ ငတက်ပြား၊ ငပွကြီး နာမည်ဆိုးတွေနဲ့ အများ ကကြဉ်ခံရတဲ့ကလေး။ မလိမ္မာတာ စာမတော်တာ ဘာဆန်းမှာလဲ။

ဒါတွေကိုသိအောင်မကြိုးစားဘဲ တုတ်စွမ်းပြခဲ့တဲ့ ကျွန်မ ခုတော့ နောင်တမျက်ရည်တွေနဲ့ စိတ်မကောင်း ဖြစ်နေရ ပါတော့တယ်။ ကျွန်မတို့ ဆရာ ဆရာမတွေက လည်း ကလေးတွေ ကို ဆုံးမပဲ့ပြင်တဲ့နေရာမှာ တတ်သိ လိမ္မာစေချင်တဲ့ စေတနာ မေတ္တာတွေ အရင်းခံကြတာ ဖြစ်ပေမယ့် ကလေးတိုင်းအတွက် ပေတံတစ်ချောင်းတည်း နဲ့ တိုင်းတာအကဲဖြတ်နေလို့ မမှန်ကန်ဘူး ဆိုတာ ခုတော့ ကျွန်မသိပါပြီ။ နားလည်ပါပြီ။

မတူညီတဲ့ကလေးတိုင်းမှာ မတူညီတဲ့ ဘဝနောက်ခံတွေ ရှိနေတတ်ကြတယ်ဆိုတာ သာထူးက ကျွန်မကို သင်ခန်းစာပေးခဲ့ပါပြီ။

ဪ တစ်ခါတလေမှာတော့ ရိုက်သောသူပါ ငိုရ တာမျိုးလည်း ရှိတတ်ပါလားရှင်။ ။

အေးမြတ်မြတ်ဖြိုး(ကံမ)

#Credit

Leave a Reply

Your email address will not be published. Required fields are marked *