မြန်မာ့ နွေဦး တော်လှန်ရေး ကနေ အာ ရှ အထိ ကူးစက် လာပါပြီလို့ ပြော လာတဲ့ မော်ဒယ် သန္တာလှိုင်

Posted on

မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကို ပြည်သူများ က ဆန့်ကျင် နေကြပြီး၊ မြန်မာ့နွေဦး တော်လှန်ရေး ကနေ လူငယ်တွေရဲ့ ယဉ်ကျေးမှု တော် လှန် ရေး၊ ပြည်တွင်းဖြစ်ကို ပိုမို အားပေးတော့မယ့် စက်မှု တော်လှန်ရေး၊ လူမျိုး ဘာသာ မခွဲခြားတော့မယ့် လူမျိုးကြီးဝါဒ တော်လှန်ရေးတွေ ဖြစ်လာခဲ့ပြီလို့ မော်ဒယ် သန္တာလှိုင်က ဆိုပါတယ်။

“မြန်မာ့နွေဦး တော်လှန်ရေးက လက်တဆုပ်စာ လူတစုရဲ့ အကျိုး စီးပွားကို ကာကွယ်ပေးနေတဲ့ လက်နက်ကိုင် သူပုန်တွေရဲ့ ဖက်ဆစ်ဝါဒ အာဏာရှင် တော်လှန်ရေး ကစလို့ ထဘီတန်းကို ဘုန်းနိမ့်တယ်လို့ မထင်တော့တဲ့ လူငယ်တွေ ရဲ့ ယဉ်ကျေးမှု တော်လှန်ရေး၊ ပြည်တွင်းဖြစ်ကို ပိုမိုအားပေးတော့မယ့် စက်မှုတော်လှန်ရေး၊ ဆင်းရဲ ချမ်းသာ၊ ဇာတ်နိမ့် ဇာတ်မြင့် မခွဲတော့မယ့် လူတန်းစား ခွဲခြားမှု တော်လှန်ရေး၊ တိုင်း ရင်း သား၊ လူမျိုး၊ ဘာသာ မခွဲခြားတော့မယ့် လူမျိုးကြီးဝါဒ တော်လှန်ရေးတွေ ဖြစ်လာခဲ့ပြီ”လို့သန္တာလှိုင်က ဆိုပါတယ်။

မြန်မာ့နွေဦး တော်လှန်ရေးကနေစလို့ အာရှနွေဦး တော်လှန်ရေး အထိ ကူးစက်လာခဲ့ပြီး သမိုင်း သင်ခန်းစာမှာ ကမ္ဘာတဝန်းက အံ့သြတကြီး ဝိုင်းဝန်းရပ်တည် အားပေးနေကြပြီလို့ ဆိုပါတယ်။

“မြန်မာ့နွေဦး တော်လှန်ရေးကစလို့ အာရှနွေဦး တော်လှန်ရေးအထိ ကူးစက် လာပြီ။ အရမ်းကို Creative, Innovative ဖြစ်တဲ့ Gen Z တွေရဲ့ လုပ်ရပ်တွေကို နောင်အနာဂတ်ရဲ့ သမိုင်း သင်ခန်းစာမှာ ထည့်ဖို့ ကမ္ဘာတဝန်း အံ့ဩ တကြီး ဝိုင်းဝန်းရပ်တည် အားပေးနေကြပြီ။ ဖေဖော်ဝါရီ ၁ ရက်နေ့ ဘာလုပ်ရမှန်း မသိတဲ့အချိန်က စလို့ ပြန်ကြည့် ရင် ကျမတို့တွေ လက်တွဲညီစွာ ဘယ်လောက်တောင် ခရီးရောက်ခဲ့ကြပြီလဲ”

“ဒီလို သမိုင်းရေးနေတဲ့ နွေဦးတော်လှန်ရေးမှာ ကိုယ်လုပ်ပေးနိုင်တာတွေ တဖြည်းဖြည်း နည်းလာ ပြီလို့ မတွေးမိပါစေနဲ့။ အကြမ်းဖက် ခံရပြီး သေဆုံးသွားတဲ့ အာဇာနည်တွေအတွက် ရှေ့ကနေ အသက်ပင်သေသေဆိုပြီး ကျမတို့တွေအားလုံးရဲ့ ဒီမိုကရေစီ မျှော်လင့်ချက်တွေအတွက် တိုက်ပွဲ ဝင်ပေးနေတဲ့ လူငယ်တွေကို အားပေးဖို့အတွက် လက်လှမ်းမီရာ ကနေ တဆင့်ဆင့် ကူညီ လှူဒါန်းလို့ ရပါတယ်”လို့ သန္တာလှိုင်က ပြော ပါတယ်။

လိုချင်တဲ့ ဒီမိုကရေစီ ရဖို့ မနက် ၁၀ နာရီတိုင်း ကိုယ့်အိမ်ရှေ့ ထွက်ပြီး ဆန္ဒဖော်ထုတ်ကြပါလို့ သန္တာလှိုင်က ဆိုပါတယ်။

“ကိုယ်လုပ်ပေးနိုင်တာ ဘာမဆို လုပ်ပေးပြီး သမိုင်းတွေ ထပ်ရေးလို့ ရနေ ပါသေးတယ်။ စိတ်ဓာတ် မကျနဲ့။ ဇွဲမလျှော့နဲ့။ အရိုးရှင်းဆုံး လုပ် နိုင်တာ တခုကို ပြပါဆိုရင် ကိုဗစ် ကာလတုန်းက ဆရာဝန်နဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေကို ဂုဏ်ပြုကြဖို့ ဝိုင်းပြီး လက်ခုပ်တီး ဂုဏ်ပြု ခဲ့ကြသလိုမျိုး ည ၈ နာရီတိုင်း အိမ်မှာရှိတဲ့ အိုးတွေ၊ သံပုံးတွေ တီးပြီး မကောင်းဆိုးဝါးတွေ နှင်ကြသလိုမျိုး မနက် ၁၀ နာရီ တိုင်းမှာ ကိုယ့် အိမ်ရှေ့ ထွက်ပြီး လိုချင်တဲ့ ဒီမိုကရေစီကို ရရှိဖို့ ဆန္ဒထုတ်ဖော်ကြပါ”လို့ သန္တာလှိုင်က ပြောပါတယ်။

အားလုံးအတူတူ ဆန္ဒဖော်ထုတ်ခြင်းအားဖြင့် ရှေ့တန်းက လူငယ်တွေ လည်း အားတက်စေသလို၊ ကိုယ်တိုင်လည်း ပါဝင်ပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။

“ဈေးဝယ်နေရင်းပဲ ဖြစ်ဖြစ်၊ ကားမောင်းနေရင်းပဲ ဖြစ်ဖြစ်၊ အိမ်ထဲမှာ ဆိုရင် အိမ်အောက်ကို ဆင်းလိုက်ရုံနဲ့ လမ်းထဲမှာဆိုရင် လမ်းထိပ်မှာ စုဝေးရုံနဲ့ ပါဝင်နိုင်ပါတယ်။ ကိုယ်လုပ်လက်စလေးတွေ ခေတ္တ ရပ်ပြီး အချိန်အနည်းငယ် အားလုံး နဲ့ အတူတူ ဆန္ဒထုတ်ဖော်ကြဖို့ပါပဲ။ ဒီလို လုပ်ခြင်းအားဖြင့် ရှေ့တန်းက လူငယ်လေးတွေအတွက်လည်း အားတက်စေမယ်။ ကိုယ်တိုင်လည်း ပါဝင်ပြီးသား ဖြစ်မယ်”

“မနက် ၁၀ နာရီတိုင်း အချိန် အနည်းငယ် ဆန္ဒ ထုတ်ဖော်ကြပါစို့။ ခေတ်ဆိုး အမွေဆိုး လက်ဆင့် မကမ်းကြပါနဲ့။ လက်နက်မဲ့ သူရဲကောင်း ပြည်သူတွေအတွက် အရေးတော်ပုံ အောင်ရမည်”လို့ သန္တာလှိုင်က ပြောထားပါတယ်။

မော်ဒယ် သန္တာလှိုင် ကတော့ ဒီအကြောင်း အရာတွေကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် မျှဝေ ရေးသားထားတာ ဖြစ်ပြီး၊ သန္တာလှိုင် ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။

Source:Irrwady

Leave a Reply

Your email address will not be published. Required fields are marked *