“သားရေ ဖေဖေလွမ်းလို့”
ဒီအချိန်ဆို သားတွေကို အိပ်ယာကနှိုး မျက်နှာသစ်
သွားတိုက် သနပ်ခါးလူးပေးပြီး မနက်စာ ပက်ဒီ ရှူးဝါး၂ခွက် ဖျော်ပေးနေကြ။
ဒီအချိန်ဆို သားငယ်လေးရဲ့ ILBC online class
သင်တဲ့အချိန် သူ့ဘေးမှာထိုင်ပြီး သားငယ် နဲ့အတူတူ
သူငယ်တန်းစာတွေကျွန်တော်ပြန်သင်နေကြ။
ဒီအချိန်ဆို YouTube အရမ်းကြည့်တဲ့ ကိုကြီးသော် ကို အော်ရ ဟစ်ရနဲ့သားအစ်ဖနှစ်ယောက်
ရေအတူတူချိုးနေကြ။
ဒီအချိန်ဆို သားငယ်လေးက သူဆော့နေတဲ့ Lego အရုပ်ကလေးတွေ ပူးနေလို့
“ဒါလေးခွါပေးပါလား ပါပါး”လို့လာပြောနေကြ။
ဒီအချိန်ဆို သားသားတို့ကြိုက်တဲ့ပေါင်မုန့်ကြက်ဥကြော်စားတဲ့ အချိန် စာပွဲမှာအေးအေးဆေးဆေး ထိုင်မစားပဲ
ဆော့ရင်းကစားရင်းစားနေလို့ ငြိမ်ငြိမ်စားဖို့ ကျွန်တော့အသံကြီးနဲ့ အော်ဟစ်နေကြ။
ဒီအချိန်ဆို လမ်းမပေါ်သားသားတို့စက်ဘီး ထွက်စီးရင် ကျွန်တော်ကဘေးကနေ ပြေးလိုက်ပေးနေကြ။
ဒီအချိန်ဆို ကုတင်ပေါ်မှာ သား၂ယောက်နဲ့အတူ
စမက်ဒေါင်းချနေကြ။
ဒီအချိန်ဆို သားငယ်လေးရဲ့ဗိုက်ကို လှန်ပြီး
မုတ်ဆိတ်နဲ့ပွတ်ရင် သူအရမ်းအူတက်လို့
“တော်ပါတော့ပါပါးရယ် အရှုံးပေးပါတယ်”လို့ပြောနေကြ။
ဒီအချိန်ဆို ညအိပ်ခါနီးတိုင်း ဒီနေ့ ပါပါးနဲ့ဘယ်သူ
အိပ်မှာလဲလို့မေးရင် ညီအစ်ကို ၂ယောက်
ဗိုလ် ကျား သေနတ်စွဲနေကြ။
ဒီအချိန် သားနှစ်ယောက်ကို ကျွန်တော် နမ်းနေကြ။
သားရေ ဖေဖေလွမ်းတယ်။
ကိုပေါက်(ခေတ္တ ဝရမ်းပြေး)
20.2.2021celeupdatenews