ပန်းတွေ ကိုသာ နင်းချေ ပြစ် လို့ ရနိုင် ပေမယ့် နွေဦး ရောက်လာမှာ ကိုတော့ ဟန့်တား နိုင်ကြ မှာ မဟုတ်ဘူး

Posted on

“ကျုပ်အဖို့ သေမထူး နေမထူးဘဲ၊

တပ်တွေကို ရုတ်မယ် ဆိုလည်း ဘာအရူးထ တာလဲဆိုပြီး လက်အောက် အရာ ရှိတွေ ရဲ့ သတ်တာ ခံရမယ်၊

မရုတ်ဘူး ဆိုလည်း အမေရိကန်တွေရဲ့ ဗုံးဒဏ်နဲ့ သေမှာပဲ”

အီရတ် အာဏာရှင် ဆက်ဒမ်ဟူစိန်သည် ကူဝိတ်ကို ကျူးကျော်ခဲ့မှုကြောင့် အကျပ်ရိုက်နေပုံ ကို အယ်လ်ဂျီရီယား သံတမန်တဦးအား ယခုလို ရင်ဖွင့်ခဲ့ဖူးသည်။

သို့သော် ဂျော့ဘွတ်ရှ် စီနီယာက အမေရိကန် တပ်များကို ထိုအချိန်က ဘဂ္ဂဒက်သို့ စေလွှတ် တိုက်ခိုက်ခဲ့ခြင်း မရှိ၍ ဆက်ဒမ် အဖို့ အသက်ချမ်းသာရာ ရသွားခဲ့ခြင်း ဖြစ်သည်။

ပြည်သူများ၏ မဆုပ်မနစ် တွန်းလှန်ခဲ့မှုကြောင့် ဗခမက မင်းအောင်လှိုင် ဦးဆောင် သော အာဏာသိမ်း အဖွဲ့သည် နိုင်ငံတကာတွင် တရားဝင်မှု ဆိုသည့် ဂုဏ်သိက္ခာ လုံးဝ ဆုံးရှုံးသွားရပြီ ဖြစ်၍

၎င်း၏ ဦးဆောင်မှူအားလည်း အယုံအကြည် မဲ့လာနေပြီး ဖယ်ရှားခံရမည့် အနေအထား နှင့် ကြုံနေရပြီ ဖြစ်သည်။

ဗခမက မင်းအောင်လှိုင်သည် အာဆီယံ ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေးကို မည်သည့် နေရာဟု မသိရအောင် သံပြားများ ဖြစ်သလို ကာရံကာ တက်ရောက်နေသည့်ပုံ သည်

တပ်တွင်း အရာရှိများ အတွက် သို့လောသို့လော နှင့် စိတ်ဓါတ်ကျစရာ ဖြစ်လာပြီး

ကာချုပ်ကြီးတယောက် ပုန်းအောင်းနေရပြီလော ဟု မေးခွန်းထုတ် လာကြ သည်။

ထို့အတွက် ဘာမဆို လုပ်ရဲသည့် မိုက်ရူးရဲပီပီ QUAD အဖွဲ့ စစ်ရေးလေ့ကျင့်သည့် နေရာ နှင့်

အနီးဆုံး ဖြစ်သော ကိုကိုးကျွန်းသို့ ထွက်လာပြီး လူလုံးပြကာ စိတ်ဓါတ်စစ်ဆင်ရေး လုပ်ခဲ့ပုံရှိသည်။

ဗခမက မင်းအောင်လှိုင်မှ မိမိတို့၏ အဓိက တာဝန်သည် ပြည်ပမှ ခြိမ်းခြောက်မှုများကို ကာကွယ်ရန် ဖြစ်သည်ဟု ပြောသွားခဲ့ကြောင်း ရိုက်တာသတင်း တွင် ဖေါ်ပြထားသည်။

ဤသည်ကပင် QUAD အဖွဲ့ အပေါ် တပ်တွင်းတွင် စိုးရိမ်စိတ်များ ရှိလာနေသည်ကို ပြဆိုနေခြင်းပင် ဖြစ်သည်။

တဖန် စိတ်ဓါတ်ရေးရာ ကျဆင်းနိုင်သည့့် နောက်ထပ် Hotspot နေရာ တခု ဖြစ်သော ကေအိုင်အေ နှင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေသည့်

ကချင်ပြည်နယ် ပူတာအို မြို့သို့ တရက်တည်းတွင် ရောက်ရှိလာပြန်သည်ဟု ဆိုသည်။

နောက်ပိုင်း ထွက်ပေါ်လာသော အခမ်းအနား ပုံများကို ကြည့်၍ သူတကယ် သွားမသွားကိုတော့ သံသယ ပွားစရာ ဖြစ်လာ ရသည်ကား အမှန်ပင်။

ပြည်သူများက မိမိကိုယ် မိမိတို့ ကာကွယ်ရန် တမြေတည်းနေ တရေတည်းသောက် တိုင်းရင်းသားများ နှင့် လက်တွဲကာ ဖက်ဒရယ် ပြည်သူ့တပ်မတော် ကြီး ဖွဲ့စည်းပြီး ခုခံ တိုက်ခိုက်ရန် ပြင်ဆင်လာနေကြသည်။

ထိုအရေး အကောင်အထည် ပေါ်လာသည်နှင့်အမျှ ၎င်းတို့ကို နောက်ကွယ်မှ ထောက်ခံမှု ပေးနေသည့် တရုတ် အစိုးရ အဖို့လည်း မျက်ကလူး ဆန်ပြာ ဖြစ်လာပေတော့မည်။

တရုတ် အဖို့က ၎င်းတို့ အကျိုးစီးပွား အတွက် မြန်မာနိုင်ငံတွင် အခြေအနေများ တည်ငြိမ် မှု အမြန် ရှိရေးကိုသာ ထောက်ခံနေသူများ ဖြစ်ရာ

Les contingents du Niger et du Bangladesh lors d’une opération militaire à Ansongo. Photo MINUSMA/Marco Dormino
ပြည်တွင်းစစ်ကြီး ဖြစ်လာမည့် အရေးကို မည်သို့မျှ လက်မခံနိုင် ဖြစ်လာကာ ဗခမက မင်းအောင်လှိုင်အား ထောက်ခံနေမှု ရုတ်သိမ်း သွားပေတော့မည်၊

သို့မဟုတ်ကလည်း အတင်း ဝင်ရောက် ဖြန်ဖြေကာ အချိန်ဆွဲလာနိုင်သည်၊

ပြည်တွင်းစစ် ကြီး ဖြစ်လာက ပြည်ပ မှ ကြိမ်းသေပေါက် ပါဝင် စွက်ဖက်လာတော့ မည့်အရေးကို မည်သို့မျှ ဟန့်တားနိုင်စွမ်း ရှိမည် မဟုတ်တော့ဘဲ

၎င်းတို့၏ ဘေးချင်းကပ် တွင် ပြည်ပတပ်များ ခြေရှုပ်လာပြီး အနည်းဆုံး ကုလ ငြိမ်းချမ်း မှု ထိန်းသိမ်းရေး တပ်များ လာရောက် တပ်စွဲလာပေတော့မည်။

ဤသည်က တရုတ် အစိုးရိမ်ဆုံး အနေအထားပင် ဖြစ်သည်။

သို့သော် တရုတ်၏ တနှစ်ပတ်လုံး အမျိုးသား ထုတ်ကုန် ပမာဏ GDP သည် ဒေါ်လာ ၂၀ တြီလီယံ ခန့် ရှိနေသဖြင့်

ဘီလီယံ လောက် သာသာ အကျိုးအမြတ် ရှိရန်စစ်ပွဲတပွဲကို တော့ အမေရိကန်နှင့် ဆင်နွှဲမည်ကား မဟုတ်ပဲ တွက်ချေကိုက်မည့် နည်းလမ်းကို သုံးလာဖို့ ရှိနေသည်။

ပြည်သူများ အတွက်မှာ အာဏာသိမ်း အဖွဲ့၏ အကြမ်းဖက် တပ်များကို ရေဆုံးရေဖျား အထိပင် တိုက်စရာ မလိုပဲ တပ်ပျက်ကာ ပွဲသိမ်းသွားမည် ဖြစ်သည်။

ယခု အချိန်တွင် ပြည်သူများ စိတ်ဓါတ် အတက်ကြွဆုံး ဖြစ်နေချိန်တွင် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ကြီး အမြန် ပေါ်ထွန်းလာရေးပင် ဖြစ်သည်။

ရာဇဝတ်မှု ဟူ၍ ဘဝတသက်တာလုံး မြူတမှုန်မျှပင် ကျူးလွန်ခဲ့ဖူးခြင်း မရှိကြသော ပြည်သူ့ဝန်ထမ်းများ အားလုံးသည်လည်း ရာဇဝတ်သားများ ပမာ ပုန်းရှောင်နေကြရပြီ ဖြစ်၍

အားလုံးကလည်း ဖက်ဒရယ် တပ်မတော်ကြီး တွင် ပါဝင်ဖို့ အဆင် သင့် ဖြစ်နေကြပြီဟု သိရကြောင်း လန်ဒန်ရှိ The Observer သတင်းစာကြီးက အကျယ်တဝင့် ရေးသားထားသည်။

ပြည်သူများက နိုင်ငံတကာ အသိုက်အဝန်း၏ “စောင့်ကြည့် စိုးရိမ်” ဆိုသော စကားများသာ ဖန်တရာတေအောင် ကြားနေရပြီး ဒီထက်လည်း ပိုမည် မဟုတ်ဆိုသည်ကို သိရှိ သဘောပေါက်လာသည်နှင့် အမျှ

မိမိတို့ အရေး အတွက် မိမိတို့ဖာသာ အဆုံးသတ် တိုက်ပွဲကို အနိုင်နွှဲမှ ဖြစ်မည်ဟု စိတ်ပိုင်းဖြတ်လာကြပြီလည်း ဖြစ်သည်။

ပြည်တွင်းတွင်လည်း လမ်းပေါ် ဆန္ဒပြမှု များ၊ CDM လှုပ်ရှားမှု များ နှင့် အာဏာသိမ်း အဖွဲ့ကို မလှုပ်နိုင်အောင် ထိန်းထားနိုင်ရမည် ဖြစ်သည်။

CRPH ဖက်မှ ၎င်းတို့ကို ငွေကြေး အကျပ်အတည်း ဖြစ်စေပြီး အမြန်ပြိုလဲနိုင်မည့် နည်းလမ်းများနှင့် စပ်လျှင်းပြီး

ပြည်သူများ လိုက်နာစေရန် စီးပွား ဘဏ္ဍာနှင့် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ခေတ္တ ဝန်ကြီး ဦးတင်ထွန်းနိုင်က ဘတ်ဂျက်၏ ၃၅% ရှိသော ဝင်ငွေခွန်များ နှင့် တောင်သူများ၏ ချေးငွေများ ပြန်လည် ပေးဆပ်ခြင်းမှ ဆိုင်းငံ့ထားရေး၊

နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ဖြစ်သည့် ပို့ဆောင်ရေး၊ လျပ်စစ် မီတာခ နှင့် ရေနံ သဘာဝ ဓါတ်ငွေ့များမှ ရရှိငွေ သည် ၂၅ % ခန့် ရှိနေ၍ မပေးဆောင်ကြရေး၊

နောက်ထပ် ရရှိဖို့မှာ ပြည်ပ ချေးငွေများ ဖြစ်သည်။

ဤသည်ကလည်း ၎င်းတို့၏ ကြမ်းကြုပ်သော လုပ်ရပ်များကြောင့် မည်သူ ကမျှ ချေးငှားကြတော့မည် မဟုတ်ဟု ဆိုသည်။

နောက်ဆုံး ကြံရာမရ ဖြစ်လာက ငွေစက္ကူများ ကို ရိုက်နှိပ် လာနိုင် သော် လည်း ထို့အတွက် လိုအပ်သည့် စက္ကူ နှင့် မှင်များ

အစရှိသည့် ကုန်ကြမ်းများကို ပံ့ပိုးပေးနေသည့် ဂျာမန် ကုမ္ပဏီကို ဆိုင်းငံ့ထားရန် မေတ္တာရပ်ခံပြီး ပြီဟု ဆိုသည်။

အကယ်၍ အခြားမှ အဆိုပါ ကုန်ကြမ်းများ ရရှိ၍ ငွေစက္ကူများ ရိုက်နှိပ်လာပါက နံပတ်စဉ် ဖြင့် မှတ်သားပြီး တရားမဝင် ငွေစက္ကူ အဖြစ် ကြေညာသွားမည် ဟု ဆိုသည်။

ပြည်သူများအနေနှင့် CRPH ၏ မေတ္တာရပ်ခံချက်ကို အတိအကျ လိုက်နာ ပေးမည်ဆိုလျှင် အချိန်တို အတွင်း အရေးတော်ပုံ အောင်မြင်မည် ဖြစ်သည်ဟု ဝန်ကြီးက အသိပေးသွားခဲ့သည်။

ပြည်သူများက ဆက်လက်၍ အကြမ်းမဖက် မြို့ရွာအနှံ့ တိုက်ပွဲဝင်လျက် ရှိရာ ထိုအထဲတွင် ထူးခြားမှု တခုအဖြစ်

မန္တလေး ဆေးဝန်ထမ်းများက အရုဏ်ဦး သပိတ်ဆိုကာ မနက် စောစီးစွာ သပိတ်တိုက်ပွဲကို လျှပ်တပြက် ဆင်နွှဲလာကြသည့် သတင်းကိုလည်း ကမ္ဘာသတင်းစာကြီးများ တွင် အသားပေး ဖေါ်ပြခဲ့ကြပြန်သည်။

တိုင်ဝမ်၏ မြို့တော် တိုင်ပေတွင်လည်း မြန်မာနွယ်ဖွားများ ထောင်ချီ၍ မြို့လယ်ရှိ လစ်ဘာတီ ရင်ပြင်တွင် စုဝေးကာ

စစ်အာဏာရှင် ဆန့်ကျင်ရေး နှင့် ကျဆုံးသူများ အတွက် ဝမ်းနည်းကြောင်း အခမ်းအနား ကျင်းပခဲ့ကြသည်။

ကနေဒါရှိ မြန်မာ နွယ်ဖွား တိုင်းရင်းသားများကလည်း မွန်ထရီရယ်ရှိ ဂျုးလော်ဘီ ကုမ္ပဏီ ရုံး ရှေ့ သွားရောက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

အိန္ဒိယ ရှိ မီဇိုရမ် ပြည်နယ် ဝန်ကြီးချူပ်သည် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်အား တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အခြေအနေများနှင့် ထွက်ပြေးခိုလှုံလာသော ဒုက္ခသည်များ အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

မုံရွာ တွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး တဦး သေနတ်ထိမှန်သွားသည်ဟု သိရသည်။

မန္တလေး ရှိ အောင်ပင်လယ် အရပ်တွင် နှစ်ဦး သေဆုံးသွားသည်ဟု သိရသည်။

ဩစတေးလျ နိုင်ငံသား စီးပွားရေး အတိုင်ပင်ခံ နှစ်ဦးကို နိုင်ငံတွင်းမှ ထွက်ခွာခွင့် မပေးဘဲ နေအိမ်တွင် အကျယ်ချုပ် ဖမ်းဆီး ထားသည်ဟု ဩစတေးလျ သံရုံးက အတည်ပြုခဲ့ကြောင်း AFP သတင်းက ဆိုသည်။

အချို့ နေရာများတွင် အိမ်ရှေ့ ရပ်ထားသော ကားများကို ဘူဒိုဇာ ဖြင့် ထိုးကာ ဖျက်ဆီးသွားကြပြန်သည်။

ထို့အတွက် မြို့ရွာ များတွင်လည်း CDF ဆိုသည့် Civil Defense Force များ ဖွဲ့စည်းလာကြပြီ ဖြစ်သည်။ (ပုံတွင် ရှု)

၁၉၆၈ တွင် ချက်ကိုစလိုဗက်ကီယား နွေဦး တော်လှန်ရေးကို ဦးဆောင်ခဲ့သူ အလက်ဇန်းဒါး ဒူချက်၏ ကျော်ကြားသော စကားတခွန်း ရှိခဲ့သည်၊ ဤသည်ကား…

“ပန်းတွေကိုသာ နင်းချေပြစ်လို့ ရနိုင်ပေမယ့် နွေဦး ရောက်လာမှာ ကိုတော့ ဟန့်တားနိုင်ကြမှာမဟုတ်ဘူး”

အရေးတော်ပုံ မုချအောင်တော့မည်!!!

ဆရာလှစိုးဝေ

Leave a Reply

Your email address will not be published. Required fields are marked *