၁။ “ဒါန ကုသိုလ်”
မနက်အိပ်ယာထ မျက်နှာသစ်တော့မယ် ဆိုရင် ရေဖလားထဲကို ရေထည့် လိုက်ပါ။ မျက်စိ နဲ့ မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်သို့ မမြှောက်လိုက်ပါနဲ့ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာ စိုးလို့ပါ။
လက်ကကိုင် ထားတဲ့ ရေဖလားနဲ့ ” မြတ်စွာဘုရားအား မျက်နှာသစ်တော်ရေ ကပ်လှူပါ ၏ဘုရား ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာ သစ်တော်မူပါဘုရား” လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ် ဖြစ်သွားပါပြီ။
၂။ “ဗုဒ္ဓနုသာတိ ကုသိုလ်”
မြတ်စွာဘုရား မျက်နှာသစ်တော်ရေ အသုံးပြုနေပုံ ကို စိတ်နှလုံးမှာ အာရုံပြုပြီး အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။
အရဟံ – ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား အရဟံ – ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား အရဟံ – ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။
၃။ “မေတ္တာ ကုသိုလ်”
ကြည်လင်နေတဲ့ ရေကိုကြည့်ပြီး ဤရေ အေးမြကြည်လင်သလို အဖေနဲ့ အမေ စိတ်ရောရုပ်ပါ အေးမြပါစေ။ ဤရေ အေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ရောရုပ်ပါ အေးမြပါစေ။
ဤရေ အေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ရောရုပ်ပါ အေးမြကြပါစေ။ ဤရေ အေးမြ သလို သတ္တဝါအားလုံး စိတ်ရောရုပ်ပါ အေးမြကြပါစေ… လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ် ဖြစ်သွားပါပြီ။ ဒါ့ကြောင့် ရေဖလား ကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။
၄။ “မရဏာနုဿတိ ကုသိုလ်”
ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး ဝင်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊ နေ့ည အချိန်မရွေး သေသွားနိုင်သည်… လို့ မရဏာနုသာတိ ပွါးလိုက်ပါ။ ဒါဆို မရဏာနုသာတိကုသိုလ် ဖြစ်သွားပါပြီ။
၅။ “အသုဘဘာဝနာ ကုသိုလ်”
မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာ ရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့ အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား…. လို့ အသုဘ ဘာဝနာ ပွါးလိုက်ပါ။
ဒါဆို အသုဘဘာဝနာ ကုသိုလ် ဖြစ်သွားပါပြီး အသုဘဘာဝနာ ပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့ လက္ခဏာတွေ ထင်ထင်ရှားရှား ရှိနေတဲ့အတွက် ပွါးရတာ ပိုပြီး ထင်သာမြင်သာ ရှိပါသေးတယ်။
အပြင်သွားခါနီး ဖီးလိမ်း ပြင်ဆင်ပြီးတဲ့အခါ လှလှပပ ဝတ်ဆင် ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အဝတ်တွေနဲ့ ဖုံးထားတဲ့အတွက် အသုဘ လက္ခဏာတွေက မပေါ်ပါဘူး။
အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။ အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက် ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား လို့ စွန့်ပြီး မျက်နှာသစ်လိုက်ပါ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။
ကဲ စာဖတ်သူ အပေါင်းတို့ရေ…
မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေ ယူထား လိုက်ပါနော်..။
(ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ )
ဓမ္မ ရတနာမှ ကူးယူဖေါ်ပြပါသည်။