စည်း လုံး မှု အင်အား ကို အကြောက် တရား ဖြင့် ဖြို ဖျက် နိုင်စွမ်း မရှိ

Posted on

စစ်တပ်သည် ပြည်သူ တရပ်လုံးကို အကြောက် တရား လွှမ်းမိုး လာရန် စစ်ဆင်ရေး တရပ်အသွင်ဖြင့် ဆင်နွှဲ လာသော် လည်း အောင်မြင်ခဲ့ခြင်း မရှိပေ။ ၎င်းတို့ အုပ်ချုပ်လာမည့်အရေးကို ပြည်သူတရပ်လုံးက သေရမည့် အရေးထက် ပို၍ ကြောက်ရွံ့ တုန်လှုပ် နေကြ သဖြင့် ရန်ကုန် အပါအဝင် မြို့ကြီးများတွင် အာဏာသိမ်း အဖွဲ့ကို ဆန့်ကျင် ဆန္ဒပြပွဲများ ဆက်လက်ပြု လုပ်ကာ တိုက်ပွဲ ဝင်လျှက် ရှိနေပေသည်။

ပြည်သူ တရပ်လုံး ညီညွတ်စွာ တွန်းလှန် ဆန့်ကျင်နေမှုကို အာဏာ သိမ်း အဖွဲ့သည် မည်သို့မျှ အနိုင်ယူ နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ဟု မြန်မာ နိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး သံတမန် တွမ် အင်ဒရူး က ပြောသည်။

၎င်းတို့ လုပ်ရပ်သည် လုပ်သင့်၍ လုပ်ရကြောင်း အကြောင်းပြနိုင်စေရန် လူထုဖက်က အကြမ်းဖက်လာအောင် ရက်ရက်စက်စက် ဖြိုခွင်းသည့် နည်းဖြင့် ဂမူးရှူးထိုး ကြိုးပမ်းနေခြင်းသာ ဖြစ်သည်ဟု သူက ဆိုသည်။

ထိုသို့ ရည်ရွယ် ကြိုးပမ်းနေမှုများမှာ မအောင်မြင်သည့်အပြင် ကမ္ဘာတဝှမ်း မှ ၎င်းတို့၏ ငွေဝင်လမ်းများနှင့် လက် နက်ဝယ်ယူနိုင်မှုများကို ဖြတ်တောက်ပြစ်ရန် လုပ်ဆောင်လာကြမည် သာ ဖြစ်သည်ဟု လည်း တွစ်တာတွင် ရေး သားခဲ့သည်။

ရန်ကုန်ရှိ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် အင်ဒရူး ကပ်ဝုဒ်က မာရှယ်လော အုပ်ချုပ်ရေး အောက်တွင် အနည်း ဆုံး လူနှစ်သန်းခန့် နေထိုင်နေကြရပြီး မြန်မာပြည်သူ တရပ်လုံးက ကုလ နှင့် နိုင်ငံတကာမှ ယခုထက် ပိုပြီး အရေး ယူမှုများပြုလုပ်ပေးရန် အပူတပြင်း တောင်းဆိုနေကြသည်။

ဖြစ်နိုင်လျှင် ကုလငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ များစေလွှတ်ပေးရန် အထိ လိုလား လျှက် ရှိနေကြသည် ဟု အွန်လိုင်းမှ တဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ တွင်ပြောကြားသွားခဲ့သည်။

လုံခြုံရေး ကောင်စီသည် ယခုအချိန်အထိ မြန်မာ အရေး နှင့် ပတ်သက်၍ ဆုံးဖြတ် ချက် တခုတလေမျှပင် ချမှတ်နိုင်ခဲ့ ခြင်း မရှိသေးပေ။

သို့သော် ထုတ်ပြန်နိုင်ခဲ့သော ကြေညာချက် နှစ်ခု နှင့် ကုလ အတွင်းရေးမှူးချုပ် အပါအဝင် မြန်မာအရေးနှင့် ပတ်သက်သော ကုလ အရာရှိ များစွာက အပြင်းအထန် ဆန့်ကျင်လျှက် ရှိနေခြင်း ကြောင့်

အာဏာသိမ်း အဖွဲ့သည် နိုင်ငံတကာ အလယ် တွင် တရားဝင် အစိုးရ သဖွယ် ရပ်တည် နိုင်စွမ်း ရှိမည် မဟုတ်တော့ပေ။ မကြာမီကပင် ကုလအထွေထွေ ညီလာခံ ဥက္ကဌ မှ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တရားဝင် အသိအမှတ်ပြု တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်သည်။

ပြည်သူများကလည်း ယခင်ကလို စစ်ခေါင်းဆောင် များကိုသာ ဆန့်ကျင်ခြင်း မဟုတ်တော့ဘဲ စစ်တပ်တမျိုး လုံးကို မည်သို့မျှ ရင်ကြားစေ့ မရနိုင်လောက်အောင် အမွေပြတ် စွန့်လွှတ်လိုက်ပြီ ဖြစ်ကာ

ဖက်ဒရယ်တပ် မတော်ကြီးဖြင့် အစားထိုးနိုင်ရန် အာသာငမ်းငမ်း မျှော်လင့်တောင့်တနေကြပြီ ဖြစ်ပြီး ထိုအရေးမှာ မကြာမီ အကောင်အထည် ပေါ်လာတော့မည်ဟု ကိုမင်းကိုနိုင်က တရားဝင် ထုတ်ဖေါ် အသိပေးခဲ့ပြီးလည်း ဖြစ်သည်။

သောကြာနှင့် စနေ့ နေ့များတွင် ဆက်လက် သတ်ဖြတ် မှုများ ရှိနေပြီး ရန်ကုန် သာကေတ တွင် အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသား တဦး၊ ကျောက်မြောင်းတွင် တဦး၊

လှိုင်မြို့နယ်တွင် နှစ်ဦး၊ မိုးကုတ်တွင် တဦး၊ ပဲခူးတွင် တဦး နှင့် ပခုက္ကူတွင် အမျိုး သမီး တဦး စုစု ပေါင်း ၇ ဦး အသတ်ခံခဲ့ရသည်။

ပခုက္ကူရှိ ကလေး သုံးယောက်၏ မိခင် သည် ဆန္ဒပြနေစဉ် အာဏာသိမ်းတပ်များ၏ ဖမ်းဆီး ခြင်း ခံလိုက်ရ၍ အသက်ချမ်းသာ ပေးပါရန် ဒူးထောက် တောင်းပန်ခဲ့သော်လည်း ပစ်သတ်ခြင်း ခံခဲ့ရသည်။

ထိုသို့ နေစဉ်လို သတ်ဖြတ်နေမှုများ ရှိနေသည်ကို ကြည့်ခြင်းဖြင့် အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများသည် နေ့စဉ်လို တိုးမြှင့်များပြား လာနေ သည်မှာ သိသာနေပေသည်။

မန္တလေး မြို့မှ မီးရထား ဝန်ထမ်းများအား မတ်လ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး လုပ်ငန်းခွင် ပြန်ဝင်ရန်နှင့် ပျက်ကွက်က ဝန်ထမ်း လိုင်းခန်းများမှ ဆင်းပေးရမည်ဟု ခြိမ်းခြောက် လာမှု များကို CDM ဝန်ထမ်းများက အထုပ်အပိုးများ ဆွဲကာ ၎င်းတို့ အိမ်များမှ ဆင်းပေးခြင်းဖြင့် တုန့်ပြန်ခဲ့ကြသည်။

အလားတူ အထည်ချုပ်စက်ရုံ အလုပ်သမားများကလည်း မိမိတို့၏ရင်သွေးများမှာ အာဏာရှင်များ လက်အောက်တွင် ရုန်းကန်ကြရမှုများနှင့် နေထိုင်သွားရမည့် အရေးကြောင့်

အာဏာသိမ်း အဖွဲ့ကို ရှုတ်ချပြီး အမှာစာများ ရပ်ဆိုင်းပေးရန် နိုင်ငံတကာ အဝတ်အထည် ကုမ္ပဏီကြီးများ ကို ပန်ကြားလိုက်သည်။ မိမိတို့ တနိုင်ငံလုံး ရှိ ဝန်ထမ်းတိုင်းသာ ထိုသို့သော သံမဏိ စိတ်ဓါတ် ပိုင်ရှင်များ ဖြစ်လာပါက အာဏာသိမ်း အဖွဲ့သည် အချိန်တို အတွင်း ပြိုလဲသွားမည်မှာ အမှန်ပင် ဖြစ်သည်။

တိုကျိုရှိ ကုလသမဂ္ဂရုံးရှေ့တွင် ပဠာန်း ရွတ်ဖတ် ပူဇော်ပွဲ နှင့် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအား ရေစက်ချ အမျှပေးဝေပွဲကို မြန်မာနိုင်ငံသားများက စုစည်းပြုလုပ်ခဲ့ကြသည်။

အရေးတော်ပုံ အောင်မြင်သွားပြီးသည့် နောက်တွင် ကျဆုံးသွားသော သူရဲကောင်း လူငယ်လေးများအတွက် နိုင်ငံတော်မှ အာဇာနည် ဗိမာန်ကြီးတခု ခမ်းနားစွာ တည်ဆောက် ပြီး

အလည်အပတ် ရောက်ရှိလာသော အစိုးရ ဧည်သည်တော်များ မဖြစ်မနေ သွား ရောက် လွမ်းသူ ပန်းခွေ ချသည့်အထိ ဖြစ်လာပေဦးတော့မည်သာ။

ယမန်နေ့က အမေရိကန် အောက်လွှတ်တော်တွင် မြန်မာနိုင်ငံ၌ စစ်တပ်၏ အာဏာသိမ်းယူမှုကို ရှုတ်ချကြောင်း အဆိုကို ထောက်ခံသူ ၃၉၈ ဦး၊ ကန့်ကွက်သူ ၁၄ ဦးဖြင့် အသံမဲနှင့် အတည်ပြုခဲ့သည်။

ကန့်ကွက်သူအားလုံးသည် ရီပတ်ဘလီကင် ပါတီမှ ဖြစ်ပြီး ၎င်းတို့၏ အမည်များကို CNN မှ ထုတ်ပြန်ပြီး အဘယ်အတွက်ကြောင့် ကန့်ကွက် ရသည် ကို သိရှိနိုင်ရန် အပူတပြင်း စုံစမ်းလျှက် ရှိသည်ဟု သိရသည်။

လောလောဆယ်တွင် ထရန့်ကို ထောက်ခံ သူများဖြစ်ကြောင်း အကြမ်းဖျင်း သိထားသည်ဟု ဆိုသည်။ အမေရိကန် အောက်လွှတ်တော်မှ နောက်ထပ် ဥပဒေကြမ်းတခုကို အသံမဲနှင့်ပင် အတည်ပြုခဲ့သည်။

အဆိုပါ ဥပဒေကြမ်းအရ မြန်မာနိုင်ငံ အတွင်း ဖြစ်ပျက်နေမှုများ နှင့် ယင်းအပေါ် မည်သို့ တုန့်ပြန် ဆောင်ရွက်နေသည် ဆိုသည်ကို အစိုရမှ ကွန်ဂရက် သို့ အစီရင်ခံရမည် ဖြစ်သည်။ ယင်း ဥပဒေကြမ်းအား ဆီးနိတ် အထက်လွှတ်တော်မှ အတည်ပြုပြီးပါက ဥပဒေ အဖြစ် အကျုံးဝင်လာမည် ဖြစ်သည်။

မိမိတို့မှ စောင့်ကြည့်နေကြောင်းနှင့် ဒီမိုကရေစီ ပြန်လည် ရရှိရေးကို ထောက်ခံမှု ပေးနေကြောင်း မြန်မာပြည်သူ များကို ရှင်းလင်းစွာ အသိပေးလို၍ ဖြစ်သည်ဟု အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ ဂရီဂိုရီ မိစ် မှ ထုတ်ဖေါ်ပြောဆိုခဲ့သည်။

စစ်တပ် ၏ လုပ်ဆောင်နေမှုများသည် ဂုဏ်သိက္ခာ မဲ့ပြီး မည်သည့်အကြောင်းပြချက်နှင့်မျှ ခုခံချေပ၍ မရနိုင်ဟု ဆိုကာ ရန်ကုန်ရှိ အနောက်တိုင်း သံအမတ်ကြီးများက စုပေါင်း၍ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်မှုများ ရပ်ဆိုင်းရန်လည်း တောင်းဆိုခဲ့ကြသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက် အော်စတင်သည် ယခုအခါ အိန္ဒိယသို့ ရောက်ရှိလာပြီ ဖြစ်သည်။ ဂျပန် နှင့် တောင်ကိုရီယားသို့လည်း သွားရောက်ခဲ့ပြီး ဖြစ်သည်။

QUAD အဖွဲ့ဝင် လေးနိုင်ငံထဲတွင် ဂျပန် နှင့် အိန္ဒိယ သည့် မြန်မာ အပေါ် သဘောထား ပို၍ ပျော့ပြောင်းသည့် နိုင်ငံများလည်း ဖြစ်သည်။

ထိုင်းမှလည်း ဒုက္ခသည်များ အလုံအရင်းနှင့် ဝင်ရောက်လာမည်ကို စိုးရိမ်ပူပန်ကြောင်းနှင့် စစ်တပ်အနေဖြင့် ၎င်းတို့နှင့် သဘောကွဲလွဲသူများကို တွေ့ဆုံဆွေးနွေး အဖြေရှာရန် ထိုင်းနိုင်ငံ ခြားရေး ဝန်ကြီးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

သို့သော် ထိုင်းစစ်တပ်မှ နယ်ခြား ရှိ မြန်မာ တပ်များကို ထောက်ပံ့ သော ဆန် အိတ် ၇၀၀ ခန့် ကေအင်ယူ တပ်များက ဟန့်တား နိုင်ခဲ့သည်ဟူသော ထိုင်း သတင်းမီဒီယာများ၏ ဖေါ်ပြချက်ကို ထိုင်းစစ်တပ်မှ ငြင်းဆိုပြီး နယ်စပ် ကုန်သွယ်ရေး အတွက် ဖြစ်သည်ဟု ဆိုသည်။

တရုတ် သို့ တင်ပို့နေသော ကြေးနီ နှင့် သံဖြူ ပမာဏ သည် နှစ်လ အတွင်း ထိုးကျသွားသည်ဟု အကောက်ခွန် စာရင်းဇယားများအရ သိရကြောင်း ရိုက်တာ သတင်းတွင် ဖေါ်ပြထားသည်။

မြန်မာ နိုင်ငံတွင်း ရှိ တရုတ် ကုမ္ပဏီများမှ လွဲ၍ ကျန် ပြည်ပ ကုမ္ပဏီ ပေါင်း ၂၁၆ ခုမှ လူ့အခွင့်အရေး နှင့် စီးပွားရေး ဥပဒေများကို လေးစားလိုက်နာရန် တောင်းဆိုသည့် ကြေညာချက်များ လက်မှတ် ရေးထိုး ထုတ်ပြန် လာခဲ့သည်။

အရေးတော်ပုံ အောင်ရမည်!!!

ဆရာလှစိုးဝေ

Leave a Reply

Your email address will not be published. Required fields are marked *