ကြက်ဥ ကို နေ့တိုင်း ပုံမှန် စားသုံး တဲ့ အခါ မှာ ကြုံတွေ့ လာရမယ့် ထူးခြား မှုများ

Posted on

လူအများစုက ကိုယ် နဲ့ အနီးဆုံးမှာ ရှိတဲ့ အရာတွေရဲ့ အဖိုးတန်မှုကို လွယ်လွယ် နဲ့ မြင်လေ့ မရှိကြပါဘူး။ ကြက်ဥလို အမြဲ ကိုယ့်နားမှာ ရှိနေတတ်တဲ့ စားစရာမျိုးက ပေါပေါပဲပဲ ရတယ်ဆိုပေမယ့် သူ့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုနေတဲ့ အချက်တွေကတော့ အံ့သြလောက် စရာတွေ ရှိနေတာပါ။

အလွယ်တကူ ဝယ်ယူလို့ ရပြီး အမြဲ မြင်တွေ့နေတာကြောင့် သတိမထားမိတတ်ကြတဲ့ ကြက်ဥရဲ့ ကောင်းကျိုးတွေ လည်း ရှိနေပြီး ကြက်ဥကို နေ့တိုင်းသာ မှန်မှန်လေး စားသုံးမယ်ဆိုရင်တော့ ဒီလို ပြောင်းလဲမှုလေးတွေကိုပါ တွေ့ရမှာ ဖြစ်ပါတယ်။

ကိုယ်အလေးချိန်ကျစေတယ်

ကြက်ဥမှာ အသားဓာတ်နဲ့ အဆီဓာတ်တွေက မျှတစွာ ပါဝင် နေပါတယ်။ ကြက်ဥကို နေ့တိုင်းသာ စားသုံးပေးမယ်ဆိုရင် ဗိုက်ပြည့်စေတာမျိုး ဖြစ်စေသလို ထူးခြားမှုအနေနဲ့ ကိုယ်အလေးချိန် လျော့ကျသွားဖို့ကိုပါ အထောက်အပံ့ ဖြစ်စေပါသေးတယ်။ ဒါပေမယ့် သူ့အချိန်နဲ့သူ စားမှသာ သင့်လျော်တဲ့ ရလဒ် တွေ ရစေတာ ဖြစ်ပါတယ်။

မနက်စာမှာ ကြက်ဥကို ထည့်သွင်း စားသုံးရင်တော့ ခန္ဓာကိုယ် ရဲ့ ဇီဝစနစ် ကို အားကောင်းစေပြီး အလွန်အကျွံ စားချင်စိတ် မဖြစ်အောင် အစားစားချင်စိတ်ကို ထိန်းညှိပေးတတ်ပါတယ်။

ကိုယ်ခံ အားစနစ်ကို ကောင်းစေတယ်

စျေးနည်းနည်းနဲ့ အကျိုး ကျေးဇူးများများပေးတဲ့ ကုန်ပစ္စည်းထဲမှာ ကြက်ဥလည်း ပါဝင်ပါတယ်။ အကုန်အကျ နည်းသလောက် ပြန်ရတဲ့ အကျိုးကျေးဇူးက အံ့မခန်းပါပဲ။ ကြက်ဥအနှစ်မှာ ဗီတာမင် D ပါဝင်တာကြောင့် အအေးမိတာ၊ နှာစေးတာမျိုးတွေကို အလျင်အမြန် သက်သာစေပါတယ်။

ဒါ့အပြင် ကိုယ့်ခံအားကို ကောင်းမွန်စေတဲ့ အခြားသော ဗီတာမင်တွေနဲ့ သတ္ထုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါသေးတယ်။ ဒါကြောင့် နေ့တိုင်းသာ ကြက်ဥကို စားပေးနေမယ်ဆိုရင် ကိုယ်ခံအားက ပြည့်နေမှာ ဖြစ်ပါတယ်။

ဦးနှောက်ကို အထောက်အကူပြုတယ်

ကြက်ဥကို နေ့တိုင်း စားပေးမယ်ဆိုရင် ဉာဏ်ကောင်းတဲ့ သူ တစ်ယောက် ဖြစ်လာစေနိုင်ပါတယ်။ လွယ်လွယ်ကူကူ နားလည်နိုင်စွမ်း၊ ရှင်းရှင်းလင်းလင်း တွေးတောနိုင်စွမ်းနဲ့ ခေါင်းရှုပ်တာမျိုးတွေ လွယ်လွယ် မဖြစ်စေဖို့အတွက် ကြက်ဥက အထောက်အကူပြုနေပါတယ်။

အကြောင်းအရင်းကတော့ ကြက်ဥမှာ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်စွမ်းရည် ကို တိုးတက်စေတဲ့ ဗီတာမင် B12 , ဗီတာမင် B6, Choline နဲ့ Folate တို့လည်း ပါဝင်နေပါတယ်။ ဒါ့အပြင် အမျိုးသမီး တစ်ယောက် နေ့စဉ် လိုအပ်နေတဲ့ Choline ဓာတ်ရဲ့ ၂၆ ရာနှုန်းကိုလည်း ကြက်ဥကနေ ရရှိပါသေးတယ်။

ကောင်းတဲ့ ကိုလက်စထရောတွေကို တိုးပွားလာစေတယ်

ကြက်ဥစားသုံးတာကနေ ရရှိလာနိုင်တာတွေထဲက အရေးပါတဲ့တစ်ခုကတော့ ကိုလက်စထရော ပမာဏကို တိုးပွားလာစေတာပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်ပြီး ကောင်းတဲ့ HDL ကိုလက်စထရောတွေကို တိုးပွားလာစေတာပဲဖြစ်ပါတယ်။

ဒီအချက်ကိုလည်း ဆေးသုတေသနပေါင်းများစွာရဲ့ တွေ့ရှိချက်တွေက ထောက်ခံချက်ပြုထားပါတယ်။ ဒါကြောင့် နေ့စဉ်မှန်မှန် ကြက်ဥစားပေးမယ်ဆိုရင် ဒီထူးခြားမှုကို ရရှိမှာပါ။

အရေပြား ကျန်းမာရေးအတွက် ကောင်းတယ်

Selenium ဆိုတာ အရေပြားကျန်းမာရေးအတွက် မဖြစ်နေလိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ကြက်ဥ ကတော့ ဒီဓာတ်ကို များများစားစား ရရှိနိုင်တဲ့ အဓိက အရင်းအမြစ်ပဲ ဖြစ်ပါတယ်။ ကြက်ဥတစ်လုံးမှာ လူတစ်ယောက်အတွက် တစ်နေ့တာ Selenium လိုအပ်ချက်ရဲ့ ၂၈ ရာခိုင်နှုန်းအထိ ပါဝင်လို့နေပါတယ်။

ကြက်ဥကို တစ်နေ့တစ်ခါ ပုံမှန်စားပေးရင်တော့ အရေပြားအတွက် လိုအပ်တဲ့ အစာအာဟာရကို ရစေပြီး အရေးပြားကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေမှာပဲ ဖြစ်ပါတယ်။ ပြောရရင် အသားအရေအလှအတွက် ထူးခြားမှု ရှိစေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *