ကုလသမဂ္ဂ ဖွဲ့စည်းပုံ အကြမ်း နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် မြန်မာစစ် အာဏာ သိမ်းနေတာ နဲ့ ပတ်သတ် ပြီး ကိုင်တွယ် နေပုံ အဆင့်ဆင့်…

Posted on

ကုလလူ့အခွင့်အရေးကောင်စီ (UN Human Rights Council) အစည်းအဝေး သတင်းကြား ပြီး ကြပြီးဖြစ်မှာပါ။

မြန်မာစစ်အာဏာသိမ်းတာနဲ့ပတ်သက်ပြီး အစည်းအဝေးတွေနဲ့ ကြေညာချက်တွေ ရှိလာ တာမို့ ကွဲပြားအောင် UN အနေအထားကို အကျဉ်းပြောချင်တယ်။

UN ကို အဓိက အစိတ်အပိုင်း ၆ခု နဲ့ ဖွဲ့စည်းထားတယ်။

၁။ အထွေထွေညီလာခံ (General Assembly၊ အဖွဲ့ဝင်နိုင်ငံ တိုင်းပါတယ်)

၂။ လုံခြုံရေးကောင်စီ (Security Council။ ဗီတိုသုံးခွင့်ရှိတဲ့ အမြဲတမ်းအဖွဲ့ဝင် ၅နိုင်ငံရှိတယ်။

အမေရိကန်၊ တရုတ်၊ အင်္ဂလန်၊ ပြင်သစ် နဲ့ ရုရှား။ အလှည့်ကျအဖွဲ့ဝင် ၁၀နိုင်ငံရှိတယ်)

၃။ စီးပွားရေးနဲ့ လူမှုရေးကောင်စီ (Economic and Social Council)

၄။ နိုင်ငံနယ်နမိတ်အုပ်ချုပ်ရေး ကောင်စီ (Trusteeship Council)

၅။ ကုလအတွင်းရေးမှုးချုပ်ရုံး (UN Secretariats)

၆။ နိုင်ငံတကာတရားရုံး (ICJ – International Court of Justice)

လုံခြုံရေးကောင်စီက ဒီ၆ခုမှာ သြဇာသက်ရောက်မှုအပြင်းဆုံးဖြစ်ပြီး

တကယ်လို့ ဆုံးဖြတ်ချက် တခုခုကို ဗီတိုသုံးခံရရင် အထွေထွေ ညီလာခံမှာပြန်တင်ပြီး မဲခွဲနိုင်တယ်။

မြန်မာတွေသိတဲ့ နိုင်ငံတကာ ရာဇဝတ်ကောင်တွေ ကို တင်တဲ့တရားရုံး (ICC – International Court of Criminals) က လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အောက်ကနေသွားတယ်။

လူ့အခွင့်အရေးကောင်စီ (Human Rights Council အဖွဲ့ဝင် ၁၅နိုင်ငံ ရှိတယ်) က အထွေထွေညီလာခံကို သတင်းပို့ရတဲ့ကောင်စီဖြစ်တယ်။

ICJ က အဖွဲ့အစည်း ၆ခုမှာ တခု ဖြစ်ပြီး နယ်သာလန် နိုင်ငံ ဟိဂ် (The Hague) မြို့မှာရှိတယ်။

မြန်မာတွေတရားသွားရင်ဆိုင်ရတဲ့ နိုင်ငံ ဆိုတော့ သိထား ကျတယ်။

ကျန်တဲ့ ရုံးငါးခုကတော့ အမေရိကန် နယူးယော့ခ်မှာရှိတယ်။

ပြီးခဲ့တဲ့အပတ်က လုံခြုံရေးကောင်စီကြေညာချက်က တရုတ် နဲ့ ရုရှားရဲ့ ဗီတိုမသုံးပဲ သူတို့ သဘောတူညီချက်နဲ့ ထုတ်ထားတာဖြစ်တယ်။

ဒီအပတ်ထဲမှာလုပ်တဲ့ အမေရိကန်မှာရှိတဲ့ ဒေါ်လာ ၁ ဘီလီယံ ငွေစာရင်းကို ပိတ်တယ်ဆိုတာက အမေရိကန်က သီးသန့်လုပ်တဲ့ မြန်မာစစ်အာဏာသိမ်းအဖွဲ့ကို ပိတ်ဆို့တဲ့ အစီအစဉ်ပါ။

အီရတ်နောက်ခံ

အမေရိကန်က မြန်မာကိုဘယ်လိုကိုင်တွယ်မလည်း ဆိုတာ ခုဆို ပုံပေါ်သလိုရှိလာတယ်။

အမေရိကန်ဟာ ဂျော့ဘွတ်ချ် လက်ထက်က အီရတ်ကိုဝင်ရာမှာ မဟာမိတ် အကူအညီမရလို့ တကိုယ်တော် တပ်ကျွံသွားတဲ့ ဒါဏ်ကို ခံလိုက်ရတယ်။

ဆဒမ်ဟူစိန်ကို ရှင်းလိုက်နိုင်ပေမယ့် တန်ဖိုးကြီးကြီးပေးဆပ်လိုက်နိုင်ရတယ်။

ဘွတ်ချ်နောက်မှာ အိုဘားမားသမ္မတဖြစ်တော့ အရှေ့အလယ်ပိုင်းကပြန်ဆုတ်တယ်။

ဘိုင္ဒင္က ဒုသမၼတေပါ့။

ဆိုလိုတာက ဘိုင်ဒင်ဟာ တကိုယ်တော်ချွန် ထွက်လုပ်တဲ့ အကျိုးဆက်ကိုနားလည်တယ်။

အမေရိကန်ဟာ တဘက်က UN လိုင်းနဲ့ မြန်မာကိစ္စ တရားဝင်တင်နိုင်အောင်လုပ်တယ်။

တင်တာမှ စစ်အာဏာသိမ်းတာ ၂ပတ်မပြည့်ခင် လုံခြုံရေးကောင်စီမှာလည်းတင်တယ်။

လူ့အခွင့်အရေးကောင်စီ မှာလည်း တင်တယ်။

ကိုယ်တိုင်လည်း ပိတ်ဆို့မှုစနေပြီ။

မဲနိုင်ပြီး သမ္မတမဖြစ်ခင် ထရမ့်ရဲ့ အခြေအမြစ်မဲ့ စွပ်ဆွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ ရတဲ့ ဂျိုးဘိုင်ဒင်အတွက် ဘာမှမယ်မယ်ရရမရှိတဲ့ မဲစာရင်း အကြောင်းပြပြီး

မြန်မာမှာ စစ်အာဏာသိမ်းခံလိုက်ရတယ်ဆိုတာကို ကောင်းကောင်းကြီး ကိုယ်ချင်းစာလိမ့်မယ်ဆိုတာ ပြောစရာမလိုဘူး။

သို့ပေမယ့် မြန်မာပြဿနာကို အမေရိကန်ရဲ့ နိုင်ငံတော်လုံခြုံရေး (National Security) နဲ့ ဆိုင်တယ်လို့ သတ်မှတ်ထားတာဟာ ပုဂ္ဂိုလ်ရေးခံစားချက်ကြောင့်တော့မဟုတ်ဘူး။

ဘာလို့အမျိုးသားလုံခြုံရေးလို့သတ်မှတ်သလည်း

အမေရိကန်က နိုင်ငံတော်လုံခြုံရေးပြဿနာလို့သတ်မှတ်ရင် အဲဒီပြဿနာဟာ အရေးတကြီးနဲ့ အလျှင်အမြန် ကိုင်တွယ်ဖြေရှင်းရမယ့်အထဲ‌ရောက်သွားတယ်။

နိုင်ငံတော်လုံခြုံရေးနဲ့ဆိုင်တယ်ဆိုတာကို ဒီလိုအချက်တွေနဲ့ ပတ်သက်ရင်သတ်မှတ်ရမယ်လို့ အမေရိကန်ဥပဒေမှာပါရှိတယ်။

၁။ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ပတ်သက်တယ်။

ဒီသတ်မှတ်ချက်က နိုင်ငံအနေနဲ့သော်လည်းကောင်း၊ နိုင်ငံသားတွေ အနေနဲ့သော်လည်းကောင်း အကျူံးဝင်တယ်။

နိုင်ငံတနိုင်ငံရဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကနေ ဖြစ်လာတဲ့ အစိုးရ ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုရော၊

ရွေးကောက်တင်မြှောက်လိုက်တဲ့ နိုင်ငံသားရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုရောပါ ချိုးဖောက် ခံရရင် ဒီအချက်နဲ့ညိတယ်။

၂။ နှစ်အချက်က အပေါ်အချက်နဲ့ သဘောချင်းမကွာဘူး။

နိုင်ငံနဲ့ နိုင်ငံသားတွေလိုပါ လူတဦးချင်းဆီမှာလည်း ဒီအခွင့်အရေးတွေထိခိုက်ခံလို့မရဘူးလို့ဆိုလိုတာဖြစ်တယ်။

၃။ အုပ်ချုပ်သူရဲ့ ပါဝါအာဏာဟာ လူထုအပေါ်တာဝန်ယူမှုတာဝန်ခံမှုတွေဆီကလာရမယ်။

ဒါဟာ ဒီမိုကရက်တစ်အစိုးရတွေရဲ့ နိုင်ငံရေးအရတရားဝင်မှုဖြစ်တယ်။

တကယ့်လုပ်ပိုင်ခွင့်အာဏာဟာ လူထုဆီကပဲလာရမယ်။

၄။ အစိုးရတွေရဲ့ ပေါ်လစီနဲ့ နိုင်ငံတကာ အသိုင်းအဝန်းမှာ အပြောင်းအလဲ ဖြစ်ခဲ့ရင် အပေါ်အချက်၃ချက်နဲ့ ကိုက်ညီရမယ်။

၅။ ဒီအချက်တွေနဲ့ ကိုက်ညီတဲ့ အစိုးရတရပ် စနစ်တခုကို အကာအကွယ်ပေးရမယ်၊ ပြုစုပျိုးထောင်ပေး ရမယ်။

ဒီလိုလုပ်တာ အမေရိကန်အကျိုးစီးပွားနဲ့ကိုက်ညီတယ်။

၆။ အမေရိကန်ဟာ ဒီတန်ဖိုးတွေအားလုံးနဲ့ပြည့်စုံနေမှုမရှိသေးတာ သမိုင်းကြောင်းကို ပြန်ကြည့်တဲ့အခါ တွေ့ရမှာဖြစ်တယ်။

သို့ပေမယ့် အမေရိကန်နိုင်ငံသားအများစုနဲ့ အမေရိကန် အခြေခံဥပဒေဟာ ဒီအချက်တွေအပေါ်မှာ အခြေခံထားတာဖြစ်တယ်။

အနှစ်ချုပ်ပြောရရင် နောက်ဆုံးအချက်ကလွဲလို့ ကျန်တာတွေအားလုံးဟာ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံ ရတာဟာ ဘာလို့ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ သက်ဆိုင်တယ်လို့ သတ်မှတ်ရသလည်းဆိုတာ ရှင်းရှင်းလင်းလင်း တွေ့ရမှာဖြစ်တယ်။

အမျိုးသားလုံခြုံရေးခေါင်းစဉ်နဲ့ စစ်ရေးအရဝင်တဲ့ ပုံစံ၃မျိုး

ဒီပုံစံသုံးမျိုးက အမေရိကန် နိုင်ငံခြားရေးပေါ်လစီနဲ့လည်းဆက်စပ်နေတယ်။

အမေရိကန်နိုင်ငံရေးလောက ရဲ့ အမျိုးသားလုံခြုံရေးနဲ့ ဆိုင်တဲ့အမြင် တနည်း ယဉ်ကျေးမှု (Security Culture) လို့လည်း လေ့လာသူတွေ သုံးစွဲကြတယ်။

၁။ ပထဝီနိုင်ငံရေး (Geopolitics)

စစ်‌အေးကနေ အမွေရတဲ့ ရှူမြင်ပုံဖြစ်တယ်။

ရုရှား တရုတ် တို့နဲ့ ဘယ်လောက်ဆက်နွယ်နေသလည်း ကြည့်တယ်။

၂။ အကြမ်းဘက်စစ် (War on Terror)

၉/၁၁ ကုန်သွယ်ရေးစင်တာညီနောင်တိုက်ခိုက်ခံလိုက်ရတာနဲ့ ဆက်စပ်တယ်။

၃။ လစ်ဘရယ် ငြိမ်းချမ်းရေး (Liberal Peace)

စစ်အေးနောက်ပိုင်း အသုံးများတဲ့ သဘောတရားပါ။

ရှေ့နှစ်ခုနဲ့ မတူတာက ရှေ့နှစ်ခုက တည်ငြိမ်မှုကို ဦးစားပေးတာ။

ရန်သူကိုတိုက်တာမဟုတ်ပဲ တည်ငြိမ်အောင်ထိမ်းထားတာ။

ခုသဘောတရားကိုသုံးရင် ကိုယ်ဘက်ကစတိုက်တာပါပဲ။

များသောအားဖြင့် လူသားချင်းစာနာမှုဆိုတဲ့ ခေါင်းစဉ်တပ်တယ်။

လူတွေရဲ့ လူ့အခွင့်အရေးတွေကို ကောင်းစွာချိုးဖောက်ခံနေရတယ်လို့ မြင်နေရတဲ့အချိန်တွေမှာသုံးတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့စတယ်။ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေချထားတယ်။

အစောပိုင်း ကိုဆိုဗို၊ လစ်ဗျား နဲ့ နောက်ပိုင်း အီရတ် (၁၉၉၁)၊ ဆိုမာလီ (၁၉၉၂)၊ ဆီရီရာလီအွန် (၂၀၀၁)၊ မာလီ (၂၀၁၂) တို့ဟာ နမူနာတွေဖြစ်တယ်။

မြန်မာစစ်အာဏာသိမ်းဟာ နံပတ် ၁ နဲ့ ၃ မှာ အကျူံးဝင်တယ်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အမိန့်ပေးစနစ်တည်ဆောက်ပုံ

အမျိုးသားလုံခြုံရေးနဲ့ပါတ်သက်ပြီး အမေရိကန်မှာအမိန့်ပေး စနစ်တည်ဆောက်ထားပုံ အတွင်းမှာ အဓိကပါဝါစုဖွဲ့ထားပုံ ၄ဆင့်ရှိတယ်။

သမ္မတရဲ့ သဘောထားပေါ်မူတည်ပြီး အသုံးချနိုင်တယ်။

ပထမအဆင့်က နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး နဲ့ သမ္မတရဲ့ အမျိုးသားလုံခြုံရေးအကြံပေး တို့ပါဝင်တယ်။

ဒုတိယအဆင့်မှာ စီအိုင်အေဒါရိုက်တာနဲ့ အကြီးတန်းစစ်ဗိုလ်ချုပ်ကြီးများအဖွဲ့

(သမ္မတ၊ အမျိုးသားလုံခြုံရေးကောင်စီ နဲ့ ပြည်တွင်းလုံခြုံရေးကောင်စီ တွေကို စစ်ရေးနဲ့ပတ်သက်လို့အကြံပေးရတဲ့ အဖွဲ့။ Joint Chiefs of Staff လို့ခေါ်တယ်။

ပုံမှာ အိုဘားမားနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေစည်းဝေးနေပုံ) တို့ပါဝင်တယ်။

တတိယအဆင့်မှာ အိမ်ဖြူတော်အကြံပေးတွေရှိပြီး စတုထ္ထအဆင့်က ပြည်တွင်းလုံခြုံရေးကောင်စီတို့ဖြစ်တယ်။

ဒီတော့ မြန်မာ့အရေးမှာ အဆင့် ၁ ကို ဘိုင်ဒင်စ အသုံးပြုနေတာကို သတင်းတွေအရ သုံးသပ်နိုင်တယ်။

စစ်ရေးအရ ဖိအားပေးတာပဲဖြစ်ဖြစ် ကိုယ်ထိလက်ရောက်ပါဝင် လာတာပဲဖြစ်ဖြစ် လုပ်တော့မယ်ဆိုရင် ဒုတိယအဆင့်ဝင်လာပါလိမ့်မယ်။

တတိယနဲ့ စတုထ္ထအဆင့်တွေဟာ မြန်မာ့အရေးမှာ သုံးလို့ သင့်တဲ့ပုံစံတွေမဟုတ်။

ဒီတော့ အပြင်ကသတင်းတွေ ဘာထူးသလည်း သိချင်နေတဲ့ မိတ်ဆွေများအတွက် လော‌လောဆယ် ပထမအဆင့်မှာရှိနေတယ်

ဖေဖော်ဝါရီတလလုံးမှာ ဘိုင်ဒင်ဟာ ယူအင်နဲ့ မဟာမိတ်တွေနဲ့ အာစီယံနဲ့ အိန္ဒိယနဲ့ ဂျပန်နဲ့ အားလုံးညှိပြီး

နောက်ဆုံး မြန်မာစစ်အာဏာသိမ်း အုပ်စုကို တရုတ်ကို တွန်းခိုင်းမလား

သူကိုယ်တိုင်နောက်ဆုံး ရာဇသံပေးမလားတွေ့ရဖို့ရှိတယ်။

အဆင်မပြေရင် ဒုတိယအဆင့်ထဲကို ဝင်လာပါလိမ့်မယ်။

သမိုင်းသင်တာ သမိုင်းကိုပြောင်းလဲဖို့

ကျနော့်ကိုယ်ပိုင်သဘောထားကို ပြောပါဆိုရင် အမေရိကန်ဝင်လာတဲ့အဆင့်မရောက်ခင် ပြတ်အောင် ဖြတ်လိုက်ချင်တယ်။

မြန်မာနိုင်ငံဟာ ၁၉၄၈ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ် ၁၀နှစ်ကျော်ပြီးလို့ ၁၉၆၂ ပထမအကြိမ်စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းကစလို့

တမျိုးမဟုတ် တမျိုး စစ်တပ်ရဲ့ဖိအားအောက်မှာ အကြောက်တရားနဲ့အုပ်ချုပ်ခံခဲ့ရတယ်။

အခုပထမဆုံးအကြိမ် ပြည်သူလူထုရဲ့ စစ်မှန်တဲ့ လွတ်မြောက်လိုမှုနဲ့ အင်အားကိုတွေ့ရတာဖြစ်တယ်။

၂၀၂၁ဟာ မြန်မာ့လွတ်လပ်ရေးရောင်နီဦးကို မြင်ရချိန်ဖြစ်တယ်။

ငါတို့အင်အားနဲ့ပဲ ဒီစစ်အာဏာရှင်ကို အမြစ်လှန်ခဲ့နိုင်ခဲ့တယ်ဆိုတဲ့ ခွန်အားကို နောက်မျိုးဆက်တွေအားလုံးကို ပေးခဲ့ချင်တယ်။

သမိုင်းကိုပြောင်းလဲကြပါစို့။

CDM ကိုအခုထက် ၂ဆမြှင့်နိုင်ရင် စစ်အာဏာရှင်ပြိုလဲပါပြီ။

CRD_Kyaw Zaaw Khine

Leave a Reply

Your email address will not be published. Required fields are marked *